ကွင်းလယ်လူ ဒီပေါလ်ရဲ့ ဒဏ်ရာရရှိမှု သတင်းပေါက်ကြားခဲ့တာကို အာဂျင်တီးနားနည်းပြ စကယ်လိုနီက မကျေမနပ်ဖြစ်နေပါတယ်။
အာဂျင်တီးနားအသင်းဟာ ဟော်လန်နဲ့ကန်မယ့် ကွာတာဖိုင်နယ်ပွဲစဉ် မတိုင်ခင် တံခါးပိတ်လေ့ကျင့်ခန်းဆင်းခဲ့တာပါ။ သတင်းစာရှင်းလင်းပွဲမှာတော့ ဒီပေါလ်ဟာ ကြွက်သား ဒဏ်ရာကြောင့် လေ့ကျင့်ခန်း ပြီးဆုံးအောင်မဆင်းနိုင်ခဲ့ဘဲ အဲဒီအခြေအနေကို သတင်းထောက်တစ်ဦးက မေးမြန်းခဲ့တာပါ။
နည်းပြစကယ်လိုနီကတော့ အဲဒီသတင်းကို ဘာကြောင့် မေးမြန်းနိုင်ရတာလဲလို့ မေးခွန်းပြန်ထုတ်ခဲ့ပြီး ဘယ်သူကပြောသလဲဆိုတာ ပြောနိုင်ရင် ဒီပေါလ်ရဲ့အခြေအနေကို ဖြေကြားမယ်လို့ ပြောခဲ့ပါသေးတယ်။
ဒါပေမဲ့ သတင်းထောက်ဘက်က ဘယ်သူကပြောသလဲဆိုတာ ပြောပြမှာ မဟုတ်ကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။
နည်းပြစကယ်လိုနီကတော့ လေ့ကျင့်ရေးအစီအစဉ်ကို တံခါးပိတ်လုပ်ခဲ့တာဖြစ်ပေမယ့် ဒီပေါလ်ရဲ့ဒဏ်ရာရရှိမှုသတင်းဟာ ဘာကြောင့် ပေါက်ကြားခဲ့တာလဲ နားမလည်နိုင်ကြောင်း ပြောသွားခဲ့ပါတယ်။