Home
ဆောင်းပါး
မင်းမဲ့တိုင်းပြည်နဲ့ သတ္တိမရှိတဲ့‌ ဗာလာနံ စစ်ဗိုလ်စစ်သားများ
DVB
·
December 8, 2022

မြန်မာနိုင်ငံမှာ တိုင်းပြည်ကို အုပ်ချုပ်စီမံတဲ့ မင်းအစိုးရ မရှိတော့တာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သမ္မတရူး မင်းအောင်လှိုင် ဦးဆောင်တဲ့ သတ္တိမရှိတဲ့ ဗာလနံ စစ်သားတအုပ်က သေနတ်အားကိုးနဲ့ နိုင်ငံတော်အာဏာကို ပြည်သူ့ထံက လုယူခဲ့တဲ့ အချိန်ကစ ရေတွက်ရင် ၁ နှစ်နဲ့ ၁၁ လထဲ ဝင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ဓားပြအုပ်စုဟာ အခုချိန်ထိ နိုင်ငံကို တရားဝင်အုပ်ချုပ်ခွင့်မရဘဲ ဥပဒေမဲ့လုပ်ရပ်များစွာနဲ့ ရမ်းကားဗိုလ်ကျရင်း ထွက်ပေါက်အားလုံး ပိတ်ခံထားရတာမို့ ရွာထဲဝင်စီးတဲ့ ဓားပြအဖွဲ့လို ဖြစ်လာပါတယ်။

မင်းမဲ့တိုင်းပြည်မှာ သူတို့ဟာ ဥပဒေမဲ့ အာဏာလု၊ ဥပဒေမဲ့ ပြည်သူကိုသတ်ဖြတ်၊ ဥပဒေမဲ့ ဖမ်းဆီးညှဉ်းပန်း၊ ဥပဒေမဲ့ ထောင်ချ၊ ဥပဒေမဲ့ ပြည်သူ့အိမ်ယာတွေသိမ်း၊ ချိပ်ပိတ်၊ ဥပဒေမဲ့ ရပ်ရွာတွေမီးရှို့၊ ဥပဒေမဲ့ တိုက်လေယာဉ်နဲ့ အရပ်သားတွေကို တိုက်ခိုက်၊ ဥပဒေမဲ့ အမျိုးသမီးတွေကို မုဒိမ်းကျင့်၊ ဥပဒေမဲ့ ပြည်သူလူထု စည်းစိမ်ဥစ္စာကို လုယက် ဓားပြတိုက်ပြီး မကောင်းမှုမှန်သမျှ ကျူးလွန်နေခဲ့ကြတာဟာ သူတို့ရဲ့ကျဆုံးခန်းဆိုတာ နားလည်သိမြင်နိုင်ပုံလည်း မရပါဘူး။

သတ္တိမရှိတဲ့‌ ဗာလနံ စစ်ဗိုလ်ချုပ်တွေ ဥပဒေမဲ့ ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့ကို လုပ်ကြံလိမ်ညာ စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတွေ အားလုံးဟာ ဘာအထောက်အထားမှ ခိုင်ခိုင်မာမာ မရှိတဲ့အပြင် လူတွေ လှောင်ပြောင်စရာဖြစ်အောင် အကောက်ကြံ ဆင်ထားတဲ့ အမှုတွေချည်းသာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုကြေးတွေ၊ စာရေးသားခ ဝင်ငွေတွေ၊ ခင်ပွန်း၊ သားနှစ်ယောက်နဲ့ မိသားစုဘဝ သူပိုင်ဆိုင်သမျှ အရာအားလုံးကို မြန်မာပြည်သူတွေအတွက် စွန့်လွှတ်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်ပိုင်အိမ်ရာတောင် မရှိရှာတဲ့ ပြည်သူ့သမ္မတကြီးကို တပြည်လုံးကိုခိုးထားပြီး ပြည်တွင်းပြည်ပမှာ ဘဏ်အကောင့်ပုန်းအမျိုးမျိုးနဲ့ နိုင်ငံတော်သူခိုးတွေက မဟုတ်တမ်းတရား အမှုဆင်ပြီး အဂတိခြစားမှု‌၊ အကျင့်ပျက်မှုဆိုပြီး လိမ်ညာထောင်ချတာဟာ သူတော်စင်ကို ဓားပြက အရှက်အကြောက်မဲ့၊ သတ္တိမဲ့စွာ တရားစွဲပြီး အပြစ်‌ပေးသလိုပါပဲ။

တကယ်တော့ စစ်သားတဦးအတွက် အရေးအကြီးဆုံး ဂုဏ်အရည်အသွေးထဲမှာ ရဲစွမ်းသတ္တိဟာ ထိပ်ဆုံးမှာ ပါဝင်ပါတယ်။ စစ်သားတဦးရဲ့ ရှင်သန်မှုဆိုင်ရာ ဝိညာဉ်လိပ်ပြာလည်း ဖြစ်ပါတယ်။ စစ်သားကောင်း‌တွေရဲ့ သတ္တိလို့ ဆိုရာမှာ အမှန်တရားကို ရင်ဆိုင်ဝံ့ပြီး မတရားမှုနဲ့ အဓမ္မကို ဆန့်ကျင်ရဲတဲ့ ဂုဏ်သတ္တိဖြစ်ပါတယ်။ အဲ့ဒီသတ္တိ ပျောက်ဆုံးသွားတဲ့ စစ်သားဆိုတာ ရှင်လျက်နဲ့ သေဆုံးသွားရသူတွေဖြစ်ပြီး စစ်သားလို့လည်း မသတ်မှတ်ထိုက်တော့ဘဲ လက်နက်ကိုင် လူရမ်းကား စစ်ဓားပြသာ ဖြစ်သွားပါတော့တယ်။

ဒါကြောင့်မို့လို့လည်း ဒေါ်အောင်ဆန်းစုကြည်က “စစ်သားတွေပဲ သတ္တိရှိရမှာပေါ့။ သတ္တိရှိရှိနဲ့ အမှန်တရားကို ရင်ဆိုင်ပါ။ သေနတ်ကိုကိုင်ပြီးတော့ သေနတ်မရှိတဲ့သူတွေကို ရင်ဆိုင်တာထက် အများကြီး ပိုပြီး အရေးကြီးပြီးတော့၊ သိက္ခာရှိပြီးတော့ ... သတ္တိရှိတဲ့ကိစ္စဟာ အမှန်တရားကို ရင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်လို့ ကျမပြောချင်ပါတယ်။ အမှန်တရားကို ရင်ဆိုင်လိုက်ပါ” လို့ ၂၀၁၄ ခုနှစ် မေလ ၁၄ ရက်မှာ ကျင်းပခဲ့တဲ့ မန္တလေးမြို့က အောင်ပင်လယ်ကွင်း လူထုစည်းဝေးပွဲမှာ ပြောဆိုသတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သတ္တိမရှိတဲ့‌ ဗာလနံ စစ်ဗိုလ်စစ်သားတွေဟာ အမှန်တရားကို ကျောခိုင်းမြဲခိုင်းပြီး ထွက်ပြေးခဲ့ကြတယ်။ သူတို့ရဲ့ အကျင့်ဟောင်း စရိုက်ဆိုးတွေကို မပြင်ဆင်ကြဘဲ အဝီစိထိအောင် မိုက်တွင်းဆက်တူးပြီး ၂၀၂၁ ခုနှစ်မှာ အာဏာဆက်လုယူခဲ့ကြတာ အားလုံးအသိ ဖြစ်တယ်။

ခွင့်မလွှတ်ထိုက်တဲ့ အဆိုးဝါးဆုံး အရက်စက်ဆုံး စစ်ရာဇဝတ်မှု သန်းချီကို ဆက်ကျူးလွန်ခဲ့ကြတာမို့ ကိုယ်ကျူးလွန်တဲ့ အပြစ်တွေကို တာဝန်မခံရဲတော့တာနဲ့ မသန့်ရှင်းစွာ ခိုးဝှက်ရယူထားတဲ့ သံသရာကြွေးပါမယ့် သွေးအလိမ်းလိမ်း ပေကျံနေတဲ့ စည်းစိမ်ဥစ္စာတွေကို မက်မောတာကြောင့် သတ္တိကြောင်စွာ အမှန်တရားကို ရင်မဆိုင်ရဲတော့တာမို့ မဟာအကုသိုလ် အမှောင်တိုက်ထဲမှာ လောင်မြိုက်နေကြတာဖြစ်တယ်။

နိုင်ငံကို ဖျက်ဆီးနေတာ သတ္တိမရှိတဲ့‌ ဗာလနံ စစ်ဗိုလ်စစ်သားတွေဖြစ်ပြီး တိုင်းပြည်ကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား အသက်ပေးကာကွယ်လို့ စနစ်သစ် တည်ဆောက်နေကြတာ မျိုးဆက်သစ် လူငယ်လူရွယ်တွေ အပါအဝင် ပြည်သူလူထုတရပ်လုံး ဖြစ်နေတဲ့ အချက်ဟာ သမိုင်းကမ္ပည်းထိုးခဲ့ပြီ ဖြစ်ပါတယ်။

တနှစ်ကျော်လာပြီဖြစ်တဲ့ ပြည်သူ့ခုခံကာကွယ်စစ်အတွင်း တိုက်ပွဲတွေမှာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ ပြည်သူ့စစ်သား၊ ရဲသား အမြောက်အမြား ထွက်ပေါ်လာခဲ့ပြီး ဖက်ဆစ်တပ်ထဲမှာ အများစုဟာ သတ္တိမရှိတဲ့‌ ဗာလနံ စစ်ဗိုလ်စစ်သားတွေသာ ကျန်ရစ်ခဲ့တာမို့ လေကြောင်းအကူမပါရင် စစ်မတိုက်ရဲတော့တဲ့၊ အလွယ်တကူ အရှုံးပေး လက်နက်ချ ထွက်ပြေးကြတဲ့ သူရဲဘောကြောင်တဲ့ စစ်ဓားပြတပ်အဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်တယ်။

တဖက်မှာလည်း အာဏာလုတာ ရက်ပေါင်း ၆၈၀ ကျော် ရှိလာတာတောင် တရက်တောင်မပျက်၊ အသက်ကို ပဓာနမထားဘဲ မတရားမှုကို လက်မခံဘူးဆိုတာ ဆန္ဒထုတ်ဖော်ပြသ တော်လှန်‌နေကြတဲ့ မိဘပြည်သူတွေ၊ ရရာလက်လုပ်သေနတ်တွေနဲ့ အာဏာရှင် မကောင်းဆိုးဝါးတွေကို ဘယ်တော့မှ အုပ်ချုပ်လို့မရစေရလို့ ပြတ်ပြတ်သားသား ကြွေးကြော်ပြီး မယိမ်းမယိုင် ခိုင်မာတဲ့ နွေဦးတော်လှန်ရေးစိတ်ဓာတ် အလံကို အမြင့်ဆုံး လွှင့်ထူထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ၊ ရပ်ရွာဒေသကာကွယ်တပ်ဖွဲ့တွေ၊ မြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေ၊ လူငယ်လူရွယ်တွေဟာ လက်နက်အင်အားမမျှလို့ အရှုံးပေး လက်နက်ချတယ်ဆိုတာ တခါမှ မကြားဖူးပါဘူး။ ဂုဏ်သိက္ခာရှိစွာ အသက်စွန့် တိုက်ခိုက်လို့ သမိုင်းမော်ကွန်းထိုးလောက်တဲ့ ရဲစွမ်းသတ္တိတွေဟာ ကမ္ဘာက အံ့ဩချီးမွမ်းကြရတဲ့ အဆင့်ကို ရောက်လို့နေပြီ ဖြစ်ပါတယ်။

သတ္တိမရှိတဲ့‌ ဗာလနံ စစ်ဗိုလ်စစ်သားများ တအုပ်ဟာ သူတို့ကို ဆန္ဒပြဆန့်ကျင်ခဲ့တဲ့ ဆင်းရဲသား ပြည်သူလူထုကို ရှစ်လေးလုံးအရေးအခင်းပြီးတော့ ဒုက္ခမျိုးစုံပေးပြီး လက်စားချေခဲ့သလို အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာလည်း ရွာတွေမီးရှို့၊ အိမ်တွေချိပ်ပိတ်၊ မရှိဆင်းရဲသား အိမ်တွေကို ကျူးတွေဆိုပြီး အိမ်တွေဖျက်၊ မတရားသိမ်းပြီး ဒုက္ခမျိုးစုံပေးပြီး လက်စားချေနေတာပဲ။ ဒါဟာ သူတို့လုပ်နေကြ မိစ္ဆာ‌အကျင့်ယုတ်ပါပဲ။

ပြီးတော့ အဲ့ဒီလို ပြည်သူအိမ်မြေယာတွေ မတရားသိမ်းယူပြီး သူတို့ကိုထောက်ခံတဲ့ စိတ်ဓာတ်ယုတ်ညံ့တဲ့လူတွေ၊ အပုပ်အစပ်စားရဖို့ အချိုအချောင်ရဖို့‌ စောင့်နေကြတဲ့ လင်းတလို ဝိသမစီးပွားရေးသမားတွေကို ‌ဈေးပေါပေါနဲ့ရောင်းချပြီး သူတို့ကို ထောက်ခံ ပေါင်းစားလာအောင် အမှုတွဲခေါ်‌နေကြတာပဲ မဟုတ်လား။

အဲ့ဒီမှာ ဇာတ်ပျက် ခေတ်ပညာတတ်တွေ ဖောက်ပြန်ပြီး စစ်ဗိုလ်ယုတ်တွေနဲ့ ပေါင်းစားပြီး မိုးခါးရေ ဝိုင်းအုံသောက်ခဲ့ကြရင်း ချိုတာလေးတွေ ရွေးစားလို့ရတာတို့၊ စစ်ဗိုလ်တွေက တကယ်တမ်း ပေါင်းကြည့်ရင် မဆိုးလှပါဘူးတို့၊ အဆင်ပြေပါတယ်တို့၊ မခက်ခဲပါဘူးတို့လို့ မရှက်မကြောက် ပြောလာခဲ့ကြတာ လူတိုင်းရဲ့ဝန်းကျင်မှာ တွေ့နိုင်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် တရားဥပဒေ မစိုးမိုးတဲ့ မင်းမဲ့တိုင်းပြည်မှာ စစ်ငရဲတွင်းထဲက မြန်မာပြည်သူအားလုံးဟာ စစ်အာဏာရှင်စနစ်ဆိုးကို လုံးဝရှင်သန်ခွင့်မပေးဖို့ ခိုင်မာစွာ သန္နိဋ္ဌာန်ချထားပြီးတာမို့ နိုင်ငံတော်အဆင့် စစ်ရာဇဝတ်မှု ကျူးလွန်နေကြဆဲ အမှန်တရားကို မရင်ဆိုင်ရဲတဲ့၊ သတ္တိမရှိတဲ့‌ ဗာလနံ စစ်ဗိုလ်စစ်သား အားလုံးနဲ့တကွ ထောက်ခံသူ၊ ပေါင်းစားသူတွေ အားလုံးကို မဖြစ်မနေ နှိမ်နင်း အပြစ်ပေးကြမှာ ဖြစ်ပါတယ်။ ဒီတော့ အမှားကျူးလွန်ထားသူ‌တွေ အ‌နေနဲ့ စဉ်းစားဉာဏ်ရှိသူ ဆိုရင်တော့ အမှားလမ်းလိုက်တာ အမြန်ဆုံးရပ်ပြီး သတ္တိကို ပြန်လည်‌မွေးမြူလို့ ပြည်သူနဲ့အတူ လက်တွဲလို့ အမှန်တရားကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲ့သလိုမှ မဟုတ်ရင်တော့ ရုပ်ဆိုးအကျည်းတန်တဲ့ ဇာတ်သိမ်းနဲ့ ကြုံရမှာ မလွဲပါဘူး။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024