Home
ဆောင်းပါး
ဒူးမထောက် နောက်မဆုတ်မယ့် စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း
DVB
·
December 6, 2022

ငါ၏ဦးခေါင်းသည် သွေးချင်းချင်းဖြင့် ရဲရဲနီ၏။ သို့သော် ညွတ်ကားမညွတ်။

(Invictus by William Ernest Henley)

မီးခိုးမဆုံး၊ မိုးမဆုံး။

ကိုယ့်အိမ်ကလေး၊ ကိုယ့်ရွာက အိမ်ကလေးတွေ ကိုယ့်မျက်စိရှေ့မှာတင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည်။ မကြာခင် တရွာလုံး ပြာပုံအတိဖြစ်တော့မည်။ ရင်ထဲမှာတော့ ဘယ်လိုမှမကောင်း။ ကံကောင်းလို့သာ လူတွေလွတ်လာကြသည်။ ဒါတောင် ခြေမသန်စွမ်းသူတယောက်နဲ့ စိတ်မကျန်းမာသူတွေကို သူတို့ ပစ်သတ်လိုက်ကြပြီ။ အသက်ကြီး ဘိုးဘွားနှစ်ယောက်လည်း မီးထဲပါသွားကြပြီတဲ့။

ပထမဆုံး ဟက်စကီးနဲ့ လာပစ်သည်။ ကောင်းကင်ယံက ကျည်မိုးတွေရွာမှန်းသိတော့ အဆင်သင့်ပြင်ထားတဲ့ အထုပ်ကိုယ်စီ ကမန်းကတန်းယူပြီး ပြေးကြရသည်။ ကံပေါ့။ ပြေးရင်းလည်း လက်နက်ထိသေချင် သေနိုင်တာပဲမို့လား။ ဒီလိုမှမဟုတ် ဖမ်းခံထိရင် လက်ပြန်ကြိုး​နောက်တုပ် ညှင်းပန်းနှိပ်စက်ခံရကာ အသက်ထွက်သွားနိုင်တာပဲလေ။ ဝေဟင်၊ မြေပြင် ကျည်ဆန်တွေကြားက တရွာလုံး ထွက်ပြေးကြရပြီလေ။

အိမ်ထားခဲ့။ လယ်လုပ်ငန်းသုံးပစ္စည်းတွေ ထားခဲ့၊ လယ်တွေ၊ ယာတွေ ထားခဲ့။ အကုန်နီးပါး ထားခဲ့ရကာ တကိုယ်စာသာ ယူပြီးနောက် ထွက်ပြေးလာခဲ့ရပါသည်။ လွတ်မယ်ထင်တဲ့ နေရာပေါ့။ တောထဲပေါ့။ အေးစက်လာတဲ့ ဆောင်းကို အန်တုကာ စစ်ခွေးရန်ကို ရှောင်ရသည်။ ရှောင်ရပြီဆိုတာနဲ့ အစားဆင်းရဲ အနေဆင်းရဲလိုက်တာမှ ခြိုးခြံ​ချွေတာရလွန်းလို့ ဘာသာရေးတွေအရဆိုရင် အထူးပုဂ္ဂိုလ်တွေတောင် ဖြစ်ကြတော့မလားလေ။

လွတ်လပ်သော ဒေတာကောက်ယူတဲ့ အဖွဲ့များ၏ အဆိုအရ စစ်ခွေးတွေ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင် နေအိမ်အလုံးပေါင်း ၂၆,၉၇၀ လုံး မီးရှို့ဖျက်ဆီးခံရသည်တဲ့။ ပြီးခဲ့တဲ့ နိုဝင်ဘာတလတည်းမှာပင် နိုင်ငံတဝန်း မီးရှို့ခံရသည့် နေအိမ်များအနက် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်သည်တဲ့။ အရေအတွက် တသန်းကျော်လာပြီဖြစ်သော နိုင်ငံတဝန်း စစ်ရှောင်အရေအတွက်များတွင် စစ်ကိုင်းတိုင်းက လေးသိန်းကျော်လောက် ရှိနေပါပြီ။ ခမျာတို့မှာ နယ်စပ်ဒေသခံ‌တွေလိုလည်း ဘယ်ကိုမှ ပြေးလို့မရ။ ဘယ်နိုင်ငံကိုမှ သွားလို့မရ။ တောထဲမှာ ကျီးလန့်စာစား နေချင်နေ၊ မနေချင် အနီးအနားက မြို့ပေါ်မှာ ထိတ်ထိတ်လန့်လန့်နေကာ စစ်ရှောင်ချင် ​ရှောင်နိုင်သည်။ ကျန်တာက ရွေးစရာမရှိ။

ဟိုတုန်းကဆို ရွာပေါ်ကနေ ဟက်လီကော်ပတာ ဖြတ်သွားပြီဆိုတာနဲ့ အသည်းအသန် ထွက်ကြည့်ကြရသည်။ မြင်မှမမြင်ဘူးပဲကိုး။ လာခဲသည်ကိုး။ မြင်ရ တွေ့ရခဲသည်ကိုး။ ခုများတော့ မဟုတ်။ စစ်ကိုင်းတိုင်း ဒေသတခွင်လုံး ဟက်လီကော်ပတာသံ၊ လေယာဥ်သံ မကြားရသည့်နေ့မရှိ။ ကောင်းကင်တခွင် ဥဒဟို ပြေးလွှားနေကြသည်။ အကောင်းတော့ မဟုတ်။ ဒေသခံတွေကို သတ်ဖို့၊ ပစ်ဖို့ သွားနေကြတာပဲ​ဖြစ်သည်။ ယခုတော့ ဟိုတုန်းကလိုလည်း မော့မကြည့်ရဲ၊ ထွက်မကြည့်ရဲကြတော့။ ကိုယ့်အသက်သေမှာစိုးလို့ အသံကြားတာနဲ့ ပုန်းရ ရှောင်ရပါတော့သည်။ ကြောက်ပါသည်။ ပြည်သူရဲ့ အခွန်ငွေတွေနဲ့ ဗုံးပေါလအော ဝယ်ထားသည့် လေကြောင်းဖြင့် အပြစ်မဲ့ပြည်သူတွေကို အားရပါးရ တိုက်ခိုက်နေသည်မှာ ရွံမုန်းစရာပင်။ ဟက်လီကော်ပတာတို့၊ လေယာဥ်တို့ဆို ရွံကြောက်ကြီး ဖြစ်နေပါပြီ။ စိတ်နာစရာလည်း ဖြစ်နေပါပြီ။ အဲ့ဒီ လေကြောင်းကြောင့် သေဆုံးပျက်စီးမှုများစွာအနက် လက်ယက်ကုန်း၊ ရင်ပေါင်တိုင်၊ မြင်းမူနယ်တွေက အဖြစ်များက စစ်ကိုင်းဒေသခံတို့၏ အသည်းအိမ်ဝယ် ဆူးများသဖွယ် နစ်ဝင်ကျန်ရစ်နေပါသည်။ အော့နှလုံးနာစရာ ကောင်းလှသည့် အကြမ်းဖက်စစ်​ခွေးတပ်ပါ။

လူသားပီပီ လူသတ်မှုတွေကို မြင်ဖူး ကြုံဖူးခဲ့ပါပြီ။ သို့တိုင် တိုင်းပြည်ကို၊ ပြည်သူကို ကာကွယ်စောင့်ရှောက်ပါမည်ဟု သစ္စာတည်ထားသော အဖွဲ့အစည်းမှ ကိုယ့်တိုင်းသူပြည်သား တွေကို အကြင်နာကင်းမဲ့စွာ ရက်ရက်စက်စက် သတ်ဖြတ်တာကိုတော့ ယခင်က တခါမှ မကြုံဘူး။ အခုမှ မြင်ဖူး တွေ့ဖူးတော့သည်။ သတ်တာကလည်း တယောက်စ နှစ်ယောက်စ မဟုတ်။ ဆယ်ဂဏန်း။ ရိုးရိုးသတ်တာမဟုတ်။ ဓားနှင့်မွှန်း၊ သေနတ်ဒင်နှင့်ထု၊ လက်ပြန်ကြိုးနှင့်တုပ်။ စိတ်တိုင်းကျ ညှင်းဆဲလို့ ဝပြီဆိုမှ အရှင်လတ်လတ် မီးရှို့သည်။ ကနီမြို့နယ်၊ မုန်တိုင်ပင်ရွာမှ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု အဖြစ်အပျက်များက ယနေ့တိုင် စစ်ကိုင်းဒေသခံတို့အပေါ် ကြီးစိုးခြောက်လှန့်လျက်၊ ဖိစီးလွှမ်းမိုးလျက်၊ နာကြည်းခံပြင်းလျက် ရှိပါပေသည်။

အမျိုး ဘာသာ သာသနာလို့ ကြွေးကြော်ထားသည့် စစ်ခွေးတပ်သည် ယခုလို ရွာတွေကို နှိပ်စက် အကြမ်းဖက်ရုံတင်မပြီး။ မြို့ပေါ်မှာလည်း နည်းအမျိုးမျိုးနှင့် အကြမ်းဖက် ဒုက္ခပေးသည်။ မြို့ပေါ်တွင် အကြမ်းဖက်မှုများအနက် ​နေအိမ်ချိပ်ပိတ်မှုများမှာလည်း ဆိုးရွားလွန်းလှသည်။ ရွာတွေမှာ အိမ်တွေကို မီးရှို့ကာ ဖျက်ဆီးပစ်လိုက်သလို မြို့ပေါ်မှာလည်း ချိပ်ပိတ်ခြင်းဖြင့် ပြည်သူတွေ၏နေအိမ်ကို ဆုံးရှုံးစေတော့သည်။ နေထိုင်ခြေချခွင့်မရအောင် အတင်းအကျပ် ရွှေ့ပြောင်းစေသည့် နည်းတခုဖြစ်သည်။ data for Myanmar တို့၏ လက်လှမ်းမီသမျှ ကောက်ယူထားကြသော စာရင်းများအရဆိုရင် စစ်ကိုင်းတိုင်းမှာ နေအိမ်ချိပ်ပိတ်ခံရမှု အများဆုံးဖြစ်သည်။

သူ သာသည်၊ ငါ သာသည်ဟု နှိုင်းယှဥ်ပြလိုခြင်း မဟုတ်ပါ။ ယခင်တုန်းက တိုင်းရင်းသားတွေလောက် စစ်ခွေးတပ်အကြောင်း ကောင်းကောင်းမသိခဲ့ကြသော ဒေသကြီးမှာ ယခုအခါ စစ်ခွေးဒဏ်ကို ကောင်းစွာသိရှိနေကြပါပြီ။ စစ်ခွေးတို့၏ ယုတ်မာမှုအပေါင်း သရဖူဆောင်းသည့် လုပ်ရပ်တွေကို ခါးသီးစွာ ကြုံတွေ့နေကြရပါပြီ။ သို့တိုင် စစ်ကိုင်းဒေသခံတို့မှာ ကြောက်ရွံ့ နောက်ဆုတ်သွားခြင်း လုံးဝမရှိ။ နွေဦးတော်လှန်ရေး ကာလတလျှောက် မီးရှို့ဖျက်ဆီးခံရမှု၊ နေအိမ်ချိပ်ပိတ်ခံရမှု၊ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု၊ စစ်ဘေးရှောင်ရမှုတို့မှာ တတိုင်းပြည်လုံးတွင် အများဆုံးဖြစ်နေသည့်တိုင် စစ်ကိုင်းတိုင်းသည် တော်လှန်ရေးတပ်ဦးကို ဦးဆောင်ထားတုန်းပဲဖြစ်သည်။

နေအိမ်မီးရှို့ခံရသော်လည်း တော်လှန်စိတ်ဓာတ်က တဟုန်းဟုန်း တောက်လောက်တုန်း။ လူတွေ အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်တိုင် တော်လှန်ရေးသမား အရေအတွက်က တနေ့ထက်တနေ့ တိုးများလာတုန်း။ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက်အင်အား မမျှတမှုတို့ကြောင့် အသက်ပေးလှူခဲ့ရသည့်တိုင် မရ ရတာနှင့် တော်လှန်နေကြတုန်းပင်။ အပြောနှင့်မဟုတ်။ လက်တွေ့ သက်သေပြနေကြသည့် အညာသားတို့၏ စစ်ကိုင်းတိုင်း။ စစ်ခွေးတွေ၏ နေ့စဉ်နဲ့အမျှ ရက်စက်ယုတ်မာမှုကြောင့် အနှီ စစ်ကိုင်းတိုင်းသည် ဒုက္ခအပေါင်း ရင်ဆိုင်ကြုံတွေ့နေရပါပြီ။ သို့တိုင် ထိုကဲ့သို့ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနှင့် သွေးချင်းချင်းဖြင့် ရဲရဲနီနေသည့်တိုင် စစ်ကိုင်းတိုင်းမှာ ခေါင်းမငုံ့ နောက်မဆုတ်။ ငါတို့ အရှုံးမပေးသရွေ့ နိုင်တယ်ဆိုသည့် ပြတ်သားသော သန္နိဋ္ဌာန်တို့ဖြင့် စစ်ခွေး‌တပ်ကို တော်လှန်နေကြတုန်း။ တော်လှန်ရေးပန်းတိုင် မရောက်မချင်း ရန်သူကို အရှုံးမပေး၊ ဆက်လက် ချီတက်နေဦးမည်သာ ဖြစ်ပေသည်။

နွေဦးဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024