စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာမှာ ၆ ဦးသေဆုံးခဲ့တယ်လို့ မြင်းမူတော်လှန်ရေးအဖွဲ့ Myinmu Revolation Force (MMRF) က ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂ ရက် နေ့လယ် ၁ နာရီလောက်က ရွာသာကြီးကျေးရွာကို စစ်ကြောင်းထိုးရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီး ၁ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရည်ရွယ်တဲ့ပစ်မှတ်ကို ထိရောက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ MMRF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ရွာသာကြီးရွာ လမ်းမကြီးဘေးက ဒီကောင်တွေစုနေတဲ့နေရာကို အလစ်ငိုက်မှာ ဗုံးသီးချတိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ကို တည့်တည့်ထိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီမှာ သေတာက ၆ ယောက်၊ ဒဏ်ရာရသူ ၄ ယောက်ရှိတယ်" လို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Ngwe Dwin Revolation Force (NDRF)နဲ့ Myinmu Revolation Force (MMRF) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗုံးသီးကျရောက် ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မြေပြင်ကနေ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ် သရက်ကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက ချုံခိုပစ်ခတ်တိုက်ခိုက်ရာမှာ စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။