စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ရဲစခန်းအတွင်းကနေ ဒီဇင်ဘာ ၃ ရက်နေ့လယ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး မိသားစုဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နတ်မဟုတ်ကျေးရွာ လယ်ထဲက ကောက်လှိုင်းစည်းနေတဲ့နေရာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သေဆုံးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
“လက်နက်ကြီးနဲ့ တဂျိမ်းဂျိမ်းပစ်နေတာ။ ပထမတော့ ဘယ်က ပစ်မှန်းကိုမသိဘူး။ စုံစမ်းကြည့်တော့မှ အင်းတော်ရဲစခန်းထဲက ပစ်နေတာ။ နတ်မဟုတ်ကို လက်နက်ကြီးကျည် လေးလုံးကျတယ်။ လယ်ထဲကောက်လှိုင်းစည်းနေတဲ့သူတွေကိုမှန်ပြီး ၁၄ နှစ်သားကောင်လေး သေတယ်။ သူ့အမေရယ်၊ သူ့ညီမရယ်၊ အစ်ကိုရယ် ဒဏ်ရာရတယ်" လို့ နတ်မဟုတ်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
အသက် ၁၄ နှစ်အရွယ်ကလေးဟာ ကျည်ထိမှန်ဒဏ်ရာကြောင့် ဆေးရုံကို ပို့ဆောင်စဉ် သွေးထွက်လွန်သေဆုံးခဲ့တာဖြစ်ပြီး မိခင်၊ ၁၆ နှစ်အရွယ် အစ်ကိုနဲ့ ၄ နှစ်အရွယ် ညီမဖြစ်သူတို့ကတော့ ခေါင်း နဲ့ ခြေထောက်တွေမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။
နတ်မဟုတ်ကျေးရွာဟာ အင်းတော်မြို့တောင်ဘက် ၂ မိုင်ခန့်အကွာမှာတည်ရှိပြီး လက်နက်ကြီးကြောင့် အိမ်မွေး နွားတကောင်နဲ့ ခွေးတကောင်လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း အင်းတော်မြို့နယ် မဲဇာရွာက နေအိမ်ခြံဝန်းတခုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။