Home
မြန်မာသတင်း
တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ရန်ကုန်တွင်ကျင်းပ၊ တရုတ်ကုမ္ပဏီများကို ဖိတ်ခေါ်
DVB
·
December 4, 2022

မြန်မာ-တရုတ် စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တစ်ခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်က ရန်ကုန်မှာ ကျင်းပခဲ့ပြီး တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့    မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပါတယ်။

“တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်များနှင့် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖိုရမ်ကို မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်နဲ့ ကုန်သည်ကြီးများအသင်း (UMFCCI) က ကြီးမှူးပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ 

အဲဒီဖိုရမ်မှာ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့ မျှော်လင့်တယ်ကြောင်းနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာ့ကုန်သွယ်ရေးကကဏ္ဍအတွက် အရေးပါကြောင်း၊ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့လိုကြောင်း ပြောခဲ့ပါတယ်။ 

အဲဒီဖိုရမ်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းလည်းတက်ရောက်ခဲ့ပြီး တရုတ်ရဲ့ခေတ်သစ်တည်ဆောက်ရေးဆောင်ရွက်ချက်တွေက နှစ်နိုင်ငံကြား ပူးပေါင်းဆောင် ရွက်မှုတွေကို အရှိန်အဟုန်နဲ့ တွန်းအားပေးသွားလို့ ပြောပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံဟာ ရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပေမဲ့ မိမိတို့ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် ယုံကြည်ချက်ရှိကြောင်း၊ တရုတ်နိုင်ငံက မြန်မာပြည်သူတွေ မိမိနိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း စူးစမ်းရှာဖွေမှုကိုထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံနဲ့အတူ ကူးလူးဖလှယ် အပြန်အလှန်အတုယူမှုကိုတိုးမြှင့်လိုပြီး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ပံ့ပိုးကူညီပေးကာ မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်မှုအတွက် တရုတ်ဉာဏ်ပညာနဲ့ အင်အားနဲ့ အကျိုးထမ်းဆောင်ပေးလိုတယ်လို့ တရုတ်သံအမတ်က ပြောပါတယ်။ 

UMFCCI အသင်းရဲ့ ဥက္ကဋ္ဌ  ဦးဇော်မင်းဝင်းကလည်း မြန်မာနဲ့ တရုတ်တို့ကြားမှာ ရှည်လျားလှတဲ့ ဆက်ဆံရေးရာဇဝင်ရှိကြောင်း၊ နောက်ထပ်လည်း ဆက်ဆံရေးပိုမိုကောင်းလာစေဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာ့စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေ တင်ပို့ရာမှာ တရုတ်နိုင်ငံဈေးကွက်ကို အင်မတန်အ ားကိုးကြောင်း၊ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆက်ဆံမှုကို အလွန်အလေးထားပြီး တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့လည်း မြန်မာဘက်က ဖိတ်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်ရဲ့ ပထမနှစ်ဝက်အတွက် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တယ်လို့ တရုတ်နိုင်ငံအခြေစိုက် China.org.သတင်းမှာ ဖော်ပြထားပါတယ်။

Photo Credit- Chinese Embassy 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024