ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့်ပိတ်ထားခဲ့တဲ့ မောင်တော-အငူမော်လမ်းကို ဒီဇင်ဘာ ၄ ရက် ဒီနေ့ မနက်က စပြီး ကားတွေကို သွားလာ ခွင့်ပြုလိုက်လို့ ဒေသခံကားသမားတွေက ပြောပါတယ်။
မောင်တောဒေသခံ ကားသမား တဦးက "ဒီနေ့မှ စပြီး သွားလို့ ရတာပါ။ အရင်က လမ်းတွေ ဖွင့်တယ်ဆိုပေမဲ့ လူစီးကားလေးတွေ သွားရင် အငူမော် နယ်ခြားစောင့်ဂိတ်က ကျော်ခွင့် မပေးဘူး။ မောင်တောဘက်က ဆိုရင် ဗောဓိကုန်းဂိတ် က ကျော်ခွင့် မပေးခဲဘူး။ ဒီနေ့ မနက်မှ ခွင့်ပြုတာ။"လို့ ပြောပါတယ်။
မောင်တော-အငူမော်လမ်းကို သြဂုတ် ၁၄ ရက်ကစပြီး ပိတ်ထားခဲ့တာကြောင့် မောင်တောဒေသ မှာ ကုန်စျေးနှုန်း အဆမတန် မြင့်မားခဲ့ပြီး ဒေသခံတွေ အခက်အခဲ ကြုံတွေ့ခဲ့ရသလို မောင်တော နယ်စပ်ကုန်သွယ်ရေးပါ ထိခိုက်ခဲ့ရပါတယ်။
မေယုသဇင်ခရီးသည်ပို့ဆောင်ရေးကားဂိတ်မှ တာဝန်ရှိသူက တဦးက "မှန်လုံ ကားငယ်တွေတော့ ဒီနေ့ ထွက်ကြတယ်။ မေယုသဇင်ခရီးသည်ပို့ဆောင်ရေးကားကတော့ မထွက်ဖြစ်သေးဘူး။ ခရိုင် ထွေ/အုပ်မှာ ခွင့်ပြုချက်တင်ထားတယ်။ ထွက်ဖြစ်ရင် စစ်တွေဘက်က ကားတွေ တင်တဲ့ ဇက်မလာရင်လည်း မော်တော်ဘုတ်နဲ့ ပို့ ဖြစ်မှာပါ။"လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၆ ရက်မှစပြီး စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်တို့ ယာယီအပစ်ရပ်စဲပြီးနောက် ရခိုင်မှာ ပိတ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို တဖြည်းဖြည်း ဖွင့်ပေးနေတာပါ။