စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လျှပ်စစ်မီးမလာတာကြောင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ မြို့ခံတွေရော၊ မြို့နယ် တဝိုက်ရှိ ရွာတွေကပါ ဆိုလာ၊ ဘက်ထရီနဲ့ အင်ဗာတာတွေ ပိုမိုဝယ်ယူနေတာကြောင့် အရောင်းသွက်နေတယ်လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေက သိရပါတယ်။
လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်နေတာကြောင့် ညပိုင်းနေအိမ်တွေမှာ တနိုင်တပိုင် မီးလင်းဖို့ လျှပ်စစ်မီးအစား ဆိုလာနဲ့ ဘက်ထရီတွေကို ဝယ်ယူအသုံးပြုနေကြရတယ်လို့ ကလေးမြို့ခံ တဦးက ပြောပါတယ်။
"နောက်ပိုင်း မီးပျက်တာ ပိုဆိုးမယ်။ မီးက ပုံမှန် မလာနိုင်တော့ဘူးဆိုတဲ့ သတင်းတွေကြောင့် ဆိုလာတို့၊ အင်ဗာတာတို့၊ ဘက်ထရီတွေ ဝယ်ပြီး သုံး နေရတယ်။ ချက်ပြုတ်ရေးမှာတော့ မီးသွေးကို အသုံးပြုတယ်။အခုလည်း မီး မလာတာ တပတ်ကျော်နေပြီ။"
လျှပ်စစ်ပစ္စည်းတွေ လတ်တလော အရောင်းသွက်နေပြီး ဆိုင်မှာပြတ်သည်အထိ ရောင်းချ နေရတယ်လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က ဝန်ထမ်း တဦးက ပြောပါတယ်။
"ဆိုလာပါတဲ့ အားသွင်းမီးသီးလေးတွေဆို ပြတ်နေအောင် ရောင်းရပါတယ်။ ဘက်ထရီအကြီးနဲ့ ဆိုလာအကြီးတွေလည်း ရောင်းရပါတယ်။ နယ်ဘက်တွေကရော၊ မြို့တွေကရောပါ လာဝယ်ကြ တယ်။ သယ်ယူစရိတ်တွေကများတော့ ပစ္စည်းဈေးနည်းနည်းတက်တယ်။"
လျှပ်စစ်မီးဟာ နိုဝင်ဘာ ၂၈ ရက်က စတင်ပြတ်တောက်နေပြီး မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်မှာ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဟာ လက်နက်ကြီး ထိမှန်ပြီး ပြတ်တောက် နေတာကြောင့် ပြန်လည် ပြုပြင်နေပြီလို့ ကလေးမြို့လျှပ်စစ်ရုံးက တာဝန်ရှိသူ တဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်မှာအ သိပေးထားပါတယ်။
၂၃၀ ကေဗွီ ဓာတ်အားလိုင်း ဓာတ်အားလိုင်းဟာ ပြတ်တောက်နေတာကြောင့် စစ်ကိုင်းတိုင်းထဲက ကလေးမြို့အပါအဝင် တမူး၊ ကလေးဝ၊ ရာဇဂြိုလ်၊ ခမ်းပါတ်မြို့နဲ့ ချင်းပြည်နယ်က မြို့တွေပါ မီးပြတ်တောက်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ-ကလေးမြို့လျှပ်စစ်ပစ္စည်းဆိုင်(Crd)