Home
ဆောင်းပါး
နွေဦးတော်လှန်ရေးက အမြစ်လှန်‌နေတဲ့ စစ်အာဏာရှင်အဆိပ်ပင် အမြစ်ကြွင်းရိုင်းများ
DVB
·
December 3, 2022

လူသားတွေအ‌နေနဲ့ အသုံးမဝင်တော့တဲ့ အပင်ကြီးတွေ၊ လူ့လောကကို အကျိုးမပြုတဲ့အပြင် အနှောင့်အယှက် (သို့) အဆိပ်အတောက်ဖြစ်စေတဲ့ အပင်ကြီးတွေကို အမြစ်ပြတ်ပြီး နောက်ထပ် ပြန်မ‌ပေါက်လာအောင်၊ မရှင်သန်နိုင်‌အောင် ရှင်းလင်းနိုင်တဲ့နည်းလမ်းက (၃) မျိုးရှိတယ်လို့ greenwaymyanmar.com မှာ ဖတ်ခဲ့ဖူးပါတယ်။

ပထမနည်းလမ်း - အခေါက်ခွာခြင်း

ဒုတိယနည်းလမ်း - ပုဆိန်နဲ့ပေါက်ခြင်း

တတိယနည်းလမ်း - အမြစ်ပြတ်‌စေခြင်း အမြစ်သတ်ခြင်းတို့ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့ဒီ ၃ နည်းစလုံးမှာ ပေါင်းသတ်ဆေးသုတ်လိမ်းဖို့ လိုအပ်ပါတယ်။ စက်ယန္တရားတွေ တတ်နိုင်တဲ့ တိုင်းပြည်တွေမှာတော့ အမြစ်ဆုံကို စက်နဲ့ခြေမွှတဲ့နည်းကတော့ အမြန်ဆုံး ဖြစ်ပါတယ်။ တခြားနည်းက‌တော့ အပင်ရဲ့အမြစ်ဆုံကို တူးထုတ် မီးရှို့ပစ်နိုင်ပါတယ်။

ဒီဆောင်းပါးမှာ အဓိကရေးချင်တာက ၈၈၈၈ အရေးတော်ပုံကြီး ဆွဲနှုတ်လို့ ကျန်ရစ်ခဲ့တဲ့ စစ်အခွင့်ထူးခံ အမြစ်ကြွင်း အမြစ်ကျန်တွေဟာ ၂၀၀၈ နာဂစ် စစ်ကျွန်ဖွဲ့စည်းပုံအခြေခံဥပဒေ အကာအကွယ်နဲ့ အညွန့်အညှောက်တွေ ထွက်ခွင့်ရလာခဲ့တဲ့ စစ်အာဏာရှင်အဆိပ်ပင်ကြီးကို အမြစ်ပြတ်ပြီး မြန်မာ့လူ့ဘောင်မှာ နောက်ထပ် ပြန်မ‌ပေါက်လာအောင် အထက်ပါ နည်းလမ်းမျိုးတွေနဲ့ ရှင်းလင်းကြဖို့ လိုပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံဟာ ‌ကျောင်းသားလူငယ်တွေ ဦးဆောင်ခဲ့ကြပြီး တတိုင်းတပြည်လုံး ပါဝင်ဆင်နွှဲခဲ့ကြတဲ့ တပါတီအာဏာရှင်စနစ်ဆိုး ဖြုတ်ချရေးနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုကြီးဖြစ်တယ်။ နိုင်ငံအပေါ် ၂၆ နှစ်ကြာ ဗိုလ်ကျစိုးမိုးအုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်ခံ တပါတီအာဏာရှင်စနစ်ကို အပြီးဖျက်သိမ်းနိုင်ခဲ့ပြီး ပါတီစုံဒီမိုက‌ရေစနစ်ကို အုတ်မြစ်ချနိုင်ခဲ့ပါတယ်။

စစ်ဗိုလ်ယုတ်တသိုက်ဟာ ပြည်သူ့အားကို ထိပ်တိုက်မလွန်ဆန်ရဲတာမို့ စေတနာမပါပေမဲ့ ကလိန်ဉာဏ်ဆင်ပြီး ပါတီစုံပေးခဲ့တာဟာ သူတို့သေတွင်း သူတို့တူးခဲ့ကြတာပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုရင်ထဲက မဲဆန္ဒတွေနဲ့တက်လာတဲ့ NLD ပြည်သူ့အစိုးရ လက်ထက်မှာ ဒီမိုကရေစီအရသာကို သိရှိသွားတဲ့ ပြည်သူလူထု မျိုးဆက်အားလုံးဟာ စစ်ဖိနပ်အောက်ကို ထပ်မသွားလိုကြတော့ပါဘူး။

အမျိုးဘာသာမျက်နှာဖုံးစွပ်ပြီး ဦးနှောက်နဲ့ နှလုံးသားပါ အဆိပ်ခတ်ပြီး သီတဂူ၊ ဆေကိန္ဒ၊ ဝီရသူ စတဲ့ ပင်ကိုယ်က သန္ဓေမမှန်တဲ့ ဘုန်းကြီးတချို့နဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုနိမ့်ကျ ကျန်ရစ်သူ လူနည်းစုတချို့ကို သူတို့ဘက်ပါအောင် စည်းရုံးအမှုတွဲခေါ်သွားခဲ့ကြပြီး ပြည်သူလူထုကို ငရဲတွင်းထဲ ထပ်တွန်းချလို့ နိုင်ငံထပ်မံဖျက်ဆီးခဲ့ကြတာ မဟုတ်လား။

တကယ်တော့ သူတို့အာဏာတည်မြဲဖို့အတွက် လူ့ဂုဏ်သိက္ခာကို ရက်စက်စွာ နင်းချေစော်ကားပြီး ပြည်သူလူထုကို ရမ်းကားမိုက်ရိုင်းစွာ သတ်ဖြတ်နေကြတဲ့ စစ်အာဏာရှင် မကောင်းဆိုးဝါးတွေက အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်မယ်ထင်တဲ့ စစ်အခွင့်ထူးခံတွေ၊ မျိုးညစ် ဘာသာညစ် မဘသ လူရှင်ရဟန်းဆိုတာ ဗုဒ္ဓပြောတဲ့ အချည်းအနှီးပုဂ္ဂိုလ် မောဃပုရိသ တုစ္ဆပုဂ္ဂလ ပေတတိရစ္ဆာန်‌တွေပါပဲ။

၈၈၈၈ လူထုအရေးတော်ပုံကြီးကို စစ်အာဏာရှင် ဗိုလ်ယုတ်တွေ ဆန့်ကျင်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အဓိကပစ်မှတ်ထားပြီးတော့ စစ်ထောက်လှမ်းရေးက ဖမ်းဆီးနှိပ်စက်တာ‌တွေ ရှိခဲ့ပါတယ်။

ပင်နီဝတ်တဲ့ နိုင်ငံ‌ရေးသမား၊ အဖြူအစိမ်းဝတ်တဲ့ ကျောင်းသူ/ကျောင်းသားတွေကို‌သာ ရန်သူလို့ သတ်မှတ်ပြီးတော့ သပိတ်စခန်းတွေကို ရန်သူစခန်း ဝင်စီးသလို နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့လည်း ၈၈ စစ်အာဏာ ထပ်သိမ်းချိန်တုန်းက ပြည်သူလူထုကြားက မတရားမှုကို ခေါင်းငုံ့မခံကြတဲ့ လူငယ်လူရွယ် လူလတ်တွေ အကျဥ်းထောင်ထဲ ရောက်သွားတဲ့သူရှိသလို KNU, KIA နဲ့ အိန္ဒိယနယ်စပ်က လွတ်မြောက်နယ်မြေတွေဆီ တောခိုခဲ့ကြသူတွေ ရှိခဲ့ပါတယ်။

အခု ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးမှာတော့ အသက်ငင်ပြီး အဆုံးသတ်ရခါနီး ထွက်ပေါက်ပိတ်မိတဲ့ ကျားနာပမာ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အမြင့်ဆုံးထိ ရက်စက်ကြမ်းကြုတ်လာပြီး သူတို့အပေါ်ဆန့်ကျင်သူ ဟုတ်ဟုတ် မဟုတ်ဟုတ် အကြောက်တရားကို ဖန်တီးဖို့ ပြည်သူလူထုအပေါ် လူမဆန်တဲ့ စစ်ရာဇဝတ်မှု အသိန်းအသန်းကို ကျူးလွန်လာခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူတွေကို ဦးခေါင်းကို ချိန်ပစ်လို့ ဖြိုခွဲနှိမ်နင်းပြီး တားဆီးရုံမက တပြည်လုံးက NLD ကို မဲပေးခဲ့ကြတဲ့ ပြည်သူအများစုက သူတို့ လက်နက်နဲ့ အာဏာလုယူတာကို လက်မခံဘဲ ဆန့်ကျင်လာကြတာကို သိတာမို့ ပြည်သူလူထုအားလုံးကို ရန်သူလို့ သတ်မှတ်ပြီးတော့ ယုတ်ညံ့နိမ့်ကျစွာ လူမျိုးတုံး သတ်ဖြတ်နှိပ်ကွပ်တဲ့ ပုံစံမျိုး‌တွေ ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာလုခဲ့တဲ့ ၂ နှစ်နီးပါးအတွင်းမှာ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ကယား၊ ကရင်ပြည်နယ်တွေမှာ တွေ့သမျှပြည်သူကို ရန်သူလို့ သတ်မှတ်ပြီးတော့ လုယက် ဓားပြတိုက်၊ မုဒိမ်းကျင့်၊ တွေ့သမျှအိမ်‌တွေ ရွာတွေအားလုံးကို မီးရှို့ဖျက်ဆီးပြီး အရှင်လတ်လတ် သတ်ဖြတ်တာမျိုးတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ မဟာရာဇဝတ်မှုကြီးတွေ စိမ်ပြေနပြေ ရမ်းကားခဲ့ကြတာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးစစ်အာဏာရှင် အဆိပ်ပင်ကြီးရဲ့ အမြစ်ကျန် အမြစ်ကြွင်းရိုင်းများ ဖြစ်ကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် NLD ပြည်သူ့အစိုးရလက်ထက်မှာ အမျိုးသားရင်ကြားစေ့ရေး ခေါင်းစဉ်အောက် အမှားပြင်ဆင်ခွင့် ရခဲ့ကြပေမဲ့ လူ့ဘဝကို ရခဲ့ပြီးမှ အချည်းအနှီး ဖြစ်ခဲ့ရတဲ့ မေဃပုရိသ၊ စစ်အမြစ်ကျန် အမြစ်ကြွင်းရိုင်း ပေတစစ်တိရစ္ဆာန်များဟာ ခွင့်မလွှတ်ထိုက်တဲ့ ပိုမိုမိုက်မဲတဲ့လမ်းကို ရွေးချယ်ခဲ့ကြပြီး ရလာတဲ့ အခွင့်အရေးကို လွှင့်ပစ်ခဲ့ကြတာမို့ နောက်ထပ်အခွင့်အ‌ရေး ထပ်မ‌ပေးထိုက်‌တော့ဘဲ အကြွင်းမဲ့ ရှင်းလင်းဖယ်ရှား အပြစ်ပေးရတော့မှာ ဖြစ်ပါတယ်။

ဒီကနေ့အချိန်မှာ မြန်မာနိုင်ငံအနှံ့အပြားက အမှန်တရားကို မြတ်နိုးကြတဲ့ ပြည်သူလူထုကြီးဟာ စစ်အာဏာရှင်အဆိပ်ပင် အမြစ်ကျန် အမြစ်ကြွင်းရိုင်းတွေကို တိုင်းပြည်မှာ နောက်ထပ် ပြန်မ‌ပေါက်လာအောင် အမြစ်ပြတ်စေဖို့ အခေါက်ခွာသူကခွာ၊ ပုဆိန်နဲ့ပေါက်သူကပေါက်၊ အမြစ်ဆုံကို တူးထုတ်သူကထုတ် စတဲ့နည်းမျိုးစုံနဲ့ အပတ်တကုတ် အားထုတ်နေကြချိန် ဖြစ်ပါတယ်။

ဒါကြောင့် အမြစ်ပြတ်တော့မယ့် စစ်အာဏာရှင် အဆိပ်ပင်ကနေ အညွန့်အညှောက်တွေ ထပ်ထွက်မလာရအောင် ခွာထားတဲ့အခေါက်တွေ၊ အမြစ်ဆုံတွေကို အမှန်တရားကို အခြေခံထားပြီး တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှု အများပြည်သူ အာဏာပိုင်စိုးမှုကို မြတ်နိုးတဲ့ ကိုယ်ကျင့်သီလကောင်းတွေ အသိဉာဏ်တွေ ဦးစီးတဲ့ နိုင်ငံရေးအသိအမြင်ဆိုတဲ့ ပေါင်းသတ်ဆေးရည်ကို အကြိမ်ကြိမ်ဖျန်းပေးခြင်းနဲ့ စစ်အခွင့်ထူးခံစနစ် မျိုးတုံးစေမှာဖြစ်ပါကြောင်း နှိုးဆော်အပ်ပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024