Home
ဆောင်းပါး
ဒိုင်းမွန်းဆဲဗင်းတချပ် မျက်လှည့်အတတ်နဲ့ ရွေးကောက်ပွဲလိမ်
မောင်တူး
·
December 2, 2022

တခါလိမ်စ၊ ခံကြရ

လိမ်ကြသူများ အပြစ်ပါ။

နှစ်ခါလိမ်မူ၊ ခံရသူများ

စဉ်းစားကြဖို့လိုမည်သာ။

သုံးလေးငါးခါ၊ အခါခါလိမ်

ခံရချိန်မူ၊ လိမ်သူအပြစ်မဟုတ်တော့။

လိမ်ပေါင်းများစွာ၊ ခံနေပါက

ခံကြသူများ အပြစ်တည်း။ ။

မျက်လှည့်ပွဲနဲ့ရွေးကောက်ပွဲ

ငယ်စဉ်ကာလ ကျောင်းသားဘဝက ကျောင်းသွားရင်း မျက်လှည့်ပွဲ ခဏခဏကြည့်ဖူးတယ်။ မျက်လှည့်ဆရာက လိမ်နေမှန်း သိသိကြီးနဲ့ မျက်လှည့်ပွဲကို ကြည့်ကြသူတွေက ယုံခဲ့ကြဖူးတယ်။ (ဟုတ်နိုးနိုးပေါ့) မကြာခဏကြည့်မိတဲ့ မျက်လှည့် မကြာခဏတိုင်းလည်း လိမ်နေမှန်း သိသိကြီးနဲ့ ယုံခဲ့ဖူးတာပါ။ ကိုယ်က လူငယ်ကျောင်းသားအရွယ်မို့ ယုံတာသာ မဟုတ်ပါ။ လူကြီးတွေ၊ မိန်းမကြီးတွေလည်း ယုံကြတာပါပဲ။ မျက်လှည့်တဝိုင်းကို ကြည့်သူ လူလေးငါးဆယ်ကို မျက်လှည့်ဆရာက လိမ်သွားတာပါ၊ ခဏခဏ။ သူ့ထက်ဆိုးတာက လူပေါင်း သန်း ၆၀ လောက်နဲ့ နိုင်ငံတကာကို လိမ်တာမျိုးပါ။ လိမ်တာကလည်း ခဏခဏပေါ့။ မြန်မာပြည်မှာ ၁၉၉၀ မှာ တခါ။ ၂၀၂၀ မှာ တခါ။ အခုလည်း ၂၀၂၃ ရွေးကောက်ပွဲတဲ့ဗျား။ လိမ်ဦးမှာဆိုတာ သိနေကြပြီးသားပေါ့။

ဒိုင်းမွန်းဆဲဗင်းတချပ် မျက်လှည့်အတတ် အလိမ်ဇာတ်

လွန်ခဲ့သော နှစ်ပေါင်း ၄၀ လောက်ကပေါ့။ ကျနော်တို့မြို့မှာ မနက် ကျောင်းသွားချိန် ၉ နာရီလောက်ဆို ဈေးဘေးနားမှာ မျက်လှည့်ပြ ဆေးရောင်းတဲ့ဝိုင်း ရှိတတ်တယ်။ ဈေးသည်စုံ လူစုံ သွားလာနေတဲ့‌ လမ်းဘေးမှာ ဆေးရောင်းရင်း မျက်လှည့်ပြတဲ့ဝိုင်းတွေ့တော့ ကျနော် ကြည့်မိတယ်။ မျက်လှည့်ဆရာက ဟံသာလှတဲ့။ ယောပြန် ဆရာကြီးတဆူ ဖြစ်ပါတယ်ဆိုပြီး ကြေညာနေတာပေါ့။ ဆရာက အသက် ၅၀ လောက်၊ တပည့်တယောက်က ထင်းရှူးပုံးပေါ်ထိုင်ပြီး လင်းကွင်းကို တုံချန်တုံချန် အသံမည်အောင် တီးနေတယ်။ လူ ၂၀ ကျော်လောက် အုံလာတဲ့အခါကျတော့ မျက်လှည့်ဆရာက ထင်းရှူးပုံးထဲက မြွေကြီးတွေကို ထုတ်တယ်။ သူ့ကိုယ်မှာပတ်ပြီး ဆေးတွေလိုက်ရောင်းတာပေါ့။ ပရိသတ်က ၅၀ လောက် ရှိလာတဲ့အခါ ဝိုင်းအလယ် ထင်းရှူးပုံးပေါ်မှာ ပိတ်စအနီကိုခင်းပြီး ဖဲထုပ်တထုပ် တင်ထားလိုက်တယ်။ သူ့တပည့်တွေက ဆေးတွေ လိုက်ရောင်းနေတာပေါ့။ သူက ဖဲထုပ်ကို ကုလားဖန် အကြိမ်ကြိမ်ထိုးနေရင်းက (ညီ အစ်ကို ဘကြီး ဒေါ်ကြီး ဦးကြီးများခင်ဗျား) ဆိုပြီး ပိတ်စနီပေါ်မှာ ဖဲချပ်တွေကို မှောက်လျက် ဖြန့်ချပစ်လိုက်တယ်။ ပြီးတော့မှ ဘာပြကွက်များ ပြမည်လဲဆိုပြီး စိတ်ဝင်တစားကြည့်နေတဲ့ ကျနော့်ကို သူက လှမ်းခေါ်တယ်။ “ကဲ ညီလေးရေ မှောက်ထားတဲ့ထဲက ဖဲတချပ်ကိုယူပြီး ကြည့်လိုက်စမ်းပါ” တဲ့။ ဖြန့်ထားတဲ့ထဲက အလယ်လောက်က ဖဲတချပ်ယူတယ်။ ကြည့်လိုက်တော့ “ဒိုင်းမွန်း ဆဲဗင်း” ဖြစ်နေတယ်။ သူက “ညီလေးရေ အားလုံးမြင်အောင် ပြလိုက်ပါဦး” တဲ့။ ပတ်ဝန်းကျင်မြင်အောင် ဒိုင်းမွန်းဆဲဗင်း ဖဲချပ်ကို လိုက်ပြလိုက်တယ်။ ပြီးတော့ “လူကြီးမင်းလေးရေ ဖဲချပ်ကို ဖဲထုပ်ထဲကို ပြန်ထည့်လိုက်ပါဦး” ဆိုတော့ ကြုံသလို ပြန်ထည့်လိုက်တာပေါ့။

မျက်လှည့်ဆရာက ဖဲထုပ်ကိုပြန်ယူပြီး ကုလားဖန် အကြိမ်ကြိမ်ထိုးပြီး ပိတ်စနီပေါ် ပြန်ချထားလိုက်တယ်။ ဆေးပြန်ရောင်းနေတယ်။ ကျနော်အပါအဝင် ပရိသတ်က ဒိုင်းမွန်းဆဲဗင်းဖဲချပ်နဲ့ ဘယ်လိုပြကွက်မျိုး ထူးဆန်းတာကို ဖဲထုပ်ထဲက ထုတ်ပြ လုပ်ပြဦးမလဲ စဉ်းစားနေကြရပြီပေါ့။ ဆေးတွေရောင်းလို့ တော်တော်ကုန်ပြီ။ မြွေတွေလည်း သိမ်းနေပါတယ်။ အလုပ်အားလုံးပြီးကာမှ နောက်ဆုံးပြကွက်ပေါ့။ ဖဲထုပ်ကိုယူတယ်။ အမျိုးမျိုးချိုးလိုက် ထပ်လိုက် ကုလားဖန် အကြိမ်ပေါင်းများစွာ ထိုးနေတယ်။ တော်တော်ကြာတော့မှ “ကဲ ညီကိုတို့ စောင့်မျှော်နေတဲ့ပြကွက်လေး ပြရအောင်” လို့ ခပ်ကျယ်ကျယ် အော်ပြောလိုက်ပြီးတော့ ကုလားဖန် ၂ ကြိမ် ၃ ကြိမ် ထပ်ထိုးလိုက်တယ်။ နောက် ဖဲထုပ်ကို ပိတ်နီစပေါ် မှောက် ဖြန့်လိုက်တာပေါ့။ ပြီးတော့ “ညီငယ်လေး ခုနကပြလိုက်တဲ့ ဖဲက ဒိုင်းမွန်းဆဲဗင်းလား” လို့ဆိုပြီး ဝိုင်းပတ်လည်ကို ဝေ့ဝိုက် လှည့်ကြည့်လိုက်ရင်းက ဖြန့်ထားတဲ့ ဖဲအပုံ ဘေးအစပ်လောက်က ဖဲတချပ်ကို ဇတ်ကနဲ ယူလိုက်တယ်။ “ညီအစ်ကိုတို့ ဒီဖဲချပ်လား” ဆိုပြီး ဝိုင်းပတ်လည်ကို မြင်သာအောင် ဖြည်းဖြည်းခြင်းလှည့်ပြီး ထောင်ပြတယ်။ ဒိုင်းမွန်းဆဲဗင်းဖဲချပ် ဖြစ်ပါတယ်။ တကယ်တော်တဲ့ မျက်လှည့်ဆရာဆိုပြီး သူ့ရဲ့ အံ့ဩဘွယ်ပြကွက်ကို အထင်ကြီးသွားမိတယ်။

ကျနော်တို့ ဖဲကစားခဲ့ကြတယ်။ ဖဲတထုပ်မှာ ၅၂ ချပ် ရှိတာပါ။ ဖဲတထုပ်မှာ အပွင့် ၄ မျိုး။ ဒိုင်းမွန်းအနီရောင်၊ ဟတ်အနီနောင်၊ စပိတ်အနက်နဲ့ ညှင်းအနက်ပေါ့။ အပွင့်တမျိုးစီမှာ ၁ က နေ ၁၀ အထိနဲ့ ကုလားသုံးကောင်လို့ ခေါ်တဲ့ “ဂျက် ကင်း ကွင်း” စုစုပေါင်း ၁၃ ချပ်စီ ရှိကြတယ်။ လေးပွင့် (သို့မဟုတ်) လေးမျိုးမှာ ၁၃ ချပ် ၄ ခါဆိုတော့ ၅၂ ချပ်တိတိပါ။ ဖဲတထုပ်လုံးမှာမှ ဒိုင်းမွန်းဆဲဗင်း တချပ်တည်းရယ်ပါ။ ၅၂ ချပ်မှာ တချပ်တည်းပါတဲ့ဖဲကို အကြိမ်ကြိမ် ကုလားဖန်ထိုး၊ အခါခါချိုး အခါခါထပ် လုပ်ပြီး လိုချင်ရာဖဲတချပ်ကို ချက်ချင်း ဆွဲထုတ်ပြနိုင်တာ ပါရမီရှင်မှ လုပ်နိုင်မှာလေ။ မျက်လှည့်ဆရာကြီးကို အရမ်းလေးစားသွားတယ်။

ဒီပညာကို လိုချင်တာနဲ့ လူရှင်းအောင်စောင့်တယ်။ သူ့ကို သွားချော့ပြီး ပညာကို မျှပေးဖို့ သွားတောင်းမိတယ်။ “လွယ်လွယ်လေးပါ၊ မသိချင်ပါနဲ့ မခက်ပါဘူး” ဆိုပြီး သူက ငြင်းတယ်။ အကြိမ်ကြိမ် တောင်းပန်တယ်။ အကြိမ်ကြိမ် ငြင်းတယ်။ နောက်ဆုံး မရမနေ တောင်းတော့မှ လက်ဖက်ရည်တိုက်ခိုင်းလို့ ဆိုင်ခေါ်သွားပြီး တိုက်လိုက် ကျွေးလိုက်ရသေးရဲ့။ ပြီးမှ ခုနက မျက်လှည့်ပြတဲ့ဖဲထုပ်ကို ကျနော့်ကို ပေးတယ်။ ဖဲတွေကို ပက်လက်လှန်ပြီးကြည့်။ ပညာကို သိရမယ်တဲ့။ ဟုတ်ပ။ ဖဲထုပ်ကို ကြည့်လိုက်တော့မှ ၅၂ ချပ်စလုံးဟာ ဒိုင်းမွန်းဆဲဗင်းတွေချည်း ဖြစ်နေတယ်ဗျာ။ ဒါကြောင့် ဘယ်ဖဲချပ်ကို ဆွဲယူယူ ဒိုင်းမွန်းဆဲဗင်းပဲ ဖြစ်တာပေါ့။ ကောင်းလိုက်တဲ့ လှည့်ကွက်။ လှည့်စားချက်။ လိမ်လည်ချက်။ မျက်လှည့်ကြည်သူ လူ ၅၀ လောက်အတွက်ကတော့ ဒီလှည့်စားချက်ဟာ ဖျော်ဖြေရေးတခုသဘောပေါ့။ ဒီပြကွက် လှည့်စားချက်ကို မှတ်မှတ်ရရတော့ ရှိကြမှာလည်း မဟုတ်ပါဘူး။ မေ့မေ့ပျောက်ပျောက်ပါပဲ။ အခုလည်း ၂၀၂၃ ရွေးကောက်ပွဲ အတုအယောင်ကြောင့်သာ ဒါလေးကို ပြန်သတိရမိလာတာပါ။ နောက်တခုကတော့ မျက်လှည့်ဝိုင်းက လူ ၅၀ လောက်ကို လိမ်တာသာမဟုတ်ဘဲ လူပေါင်း သန်း ၆၀ တတိုင်းတပြည်လုံးနဲ့ တကမ္ဘာလုံးကို လိမ်ခဲ့တဲ့ သမိုင်းတွင် ကျန်ရစ်ခဲ့တဲ့ အကြောင်းပါ။

၁၉၉၀ ရွေးကောက်ပွဲလိမ်လည်မှု

၈၈၈၈ အရေးတော်ပုံကြီးကို ပစ်ခတ်သတ်ဖမ်း နှိမ်နင်းပြီး ၁၉၈၈ စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းတယ်။ နဝတ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဖွဲ့တယ်။ ၁၉၈၈ စက်တင်ဘာ ၂၃ နဝတဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်စောမောင်က ပထမဆုံး မိန့်ခွန်းပြောတယ်။

“ရဟန်း ရှင်လူ ပြည်သူ အပေါင်းတို့ခင်ဗျား။ နိုင်ငံတော်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး တပ်မတော်အပေါ်မှာ ရဟန်း ရှင်လူ ပြည်သူ တရပ်လုံး အနေနဲ့ အထင်အမြင် လွဲမှားမှုများ မဖြစ်စေဖို့ တပ်မတော်၏ ရည်ရွယ်ချက်ကို သိရှိလာနိုင်ဖို့ ရှင်းလင်း တင်ပြလိုပါတယ်။ နိုင်ငံတော်တဝန်းလုံး ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းဟာ စစ်မှန်သော ဒီမိုကရေစီ ရရှိရေး ရည်ရွယ်ချက်နဲ့ အေးချမ်းစွာ ဆန္ဒပြ အခွင့်အရေးတောင်းဆိုသည့် နိုင်ငံရေး လှုပ်ရှားမှုများက စတင်ခဲ့သော်လည်း နောက်ပိုင်းမှာ မသမာသူများ၊ အကြမ်းဖက်သမားများ ရောနှောပါဝင်လာပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ စိုးရိမ်ဖွယ်ရာ အခြေအနေများ ရောက်တဲ့အထိ ဆူပူလှုပ်ရှားမှု၊ ခြိမ်းခြောက်မှု၊ ရက်စက်မှု စတဲ့ မင်းမဲ့စရိုက် ပြုလုပ်မှုများအထိ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလို ဆိုးရွားစွာ လှုပ်ရှားလာ၍ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီး တဖက်မှာလည်း နိုင်ငံရေးနည်းအရ ဖြေရှင်းမနိုင်တော့တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာလို့ တိုင်းပြည်အတွက် ကြီးမားတဲ့အန္တရာယ် ကျရောက်တော့မယ့် ဆဲဆဲမှာ တပ်မတော်အနေနဲ့ အခက်အခဲ အကျပ်အတည်းများနဲ့ ရင်ဆိုင်ရမှာကို သိလျက်နဲ့ မလွှဲမရှောင်သာတော့လို့ နိုင်ငံတော်အာဏာကို ရယူခဲ့ခြင်းသာ ဖြစ်ပါတယ်။ အခုလို ဆောင်ရွက်ရတဲ့အတွက်လည်း စိတ်မချမ်းမြေ့မှုများစွာ ခံစားရပါတယ်။”

စာရေးသူ ကျနော့်အမြင်ပြောရရင် သားကောင်ကို မြိုချနေရပြီး နာကျင်နေလို့ ကျတဲ့ “မိကျောင်းမျက်ရည်ကျသလို” မလွဲမရှောင်သာ အနာခံပြီး အာဏာလေးသိမ်းခဲ့ရတဲ့ သနားစရာ စစ်ဦးစီးချုပ်ပေါ့။ ပြီးတော့ လိမ်လည်ကျင်းပခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲကိုလည်း သူ ဘယ်လို ကတိပေးခဲ့ပါသလဲ။ ၁၉၈၉ ခု မတ် ၂၇ ရက် ၄၄ နှစ်မြောက် တော်လှန်ရေးနေ့ စစ်ရေးပြပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်စောမောင် မိန့်ခွန်းကိုသာ ဖတ်ကြည့်ကြပါ။

"အဘက်ဘက်က အခြေအနေတွေ ပေးလာတာနဲ့ စစ်မှန် တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ

အထွေထွေရွေးကောက်ပွဲကြီးကို သောင်းကျန်းမှုနဲ့ဆက်စပ်ပြီး ငြိမ်ဝပ်ပိပြားခြင်း မရှိသေးတဲ့ နယ်မြေတချို့ကလွဲရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးရင် လိုအပ်တာတွေ ဆောင်ရွက်ပြီးတဲ့နောက် ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရသစ် ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

အဲ့ဒီ အစိုးရသစ်အနေနဲ့ နိုင်ငံတော်ကို ဆက်လက် ဦးဆောင်သွားရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ဖော်ဆောင်သွားလိမ့်မယ်လို့ မျှော်မှန်းထားတယ်။ တို့တပ်မတော်သားတွေအဖို့တော့ စစ်တန်းလျားကိုပြန်သွားပြီး တို့ရဲ့ မူလ အဓိက တာဝန်ကြီးဖြစ်တဲ့ အခုပြောကြားရာမှာ ပါဝင်တဲ့ တာဝန်ကြီးတွေကို ဦးလည်မသုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမှာပဲ ဖြစ်တယ်။”

၁၉၉၀ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်းမွန်းဆဲဗင်းဖဲချပ် မျက်လှည့်လိုပါပဲ။ လိမ်တာပါပဲ။ NLD အမတ်တွေကို ဖမ်း၊ ထောင်ချ၊ နှိပ်စက်သတ်ပြီး အစိုးရဖွဲ့ခွင့် မပေးခဲ့ပါ။ စစ်တပ်ဟာ စစ်တန်းလျားကို မပြန်တော့ပါ။ နှစ် ၃၀ ကျော် ကြာပါပြီ။ အခု ၂၀၂၃ ရွေးကောက်ပွဲ ထပ်လုပ်ဦးမယ်တဲ့။ မဲနိုင်သူတွေကို အာဏာလွှဲမယ်တဲ့။ ဗိုလ်စောမောင် ကတိပေးခဲ့သလိုမျိုး မင်းအောင်လှိုင်က ကတိပေးနေပြန်ပါပြီ။ “ယုံကောင်ငုံ၍ ယုံရုပ်ရေးပြသော်လည်း ယုံရခက်ခဲမို့ ကြောက်လှပြီပေါ့ နောင်များတခါ” ဆိုတဲ့ သီချင်းသံကိုသာ ကြားနေမိပါတယ်။

အရင်အကြွေး မဆပ်သေးက နောက်ကြွေးချရေးမလွယ်ပြီ

၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ ၂ နှစ်ပြည့်သွားခဲ့ပြီ။ အပြတ်အသတ်မဲနိုင် NLD ပါတီကို ဖျက်ဆီးပြီး အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့တယ်။ ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် စသူတွေကိုဖမ်း၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်း သတ် ထောင်ချထားတယ်။ ပြီးမှ ၂၀၂၃ ရွေးကောက်ပွဲကို ထပ်လုပ်ဦးမယ်တဲ့။ ဒိုင်းမွန်းဆဲဗင်း ဖဲချပ်နီကလေးနဲ့ မျက်လှည့်ဝိုင်းက ကြည့်သူ လူ လေးငါးဆယ်ကို မျက်လှည့်ဆရာက လိမ်သွားသလိုပါပဲ။ အခုဟာက လူပေါင်း သန်း ၆၀ လောက်နဲ့ နိုင်ငံတကာကို လိမ်တာပါ။ လိမ်တာကလည်း ခဏခဏနော်။ ကျနော်တို့ မြန်မာပြည်မှာ ၁၉၉၀ ပြည့်နှစ်မှာ တခါ။ ၂၀၂၀ နိုဝင်ဘာမှာ တခါ။ အခုလည်း ၂၀၂၃ ရွေးကောက်ပွဲတဲ့ဗျာ။ မျက်လှည့်ဆရာကြီး ဒိုင်းမွန်းဆဲဗင်း ဖဲချပ်နဲ့ လိမ်သလို ရွေးကောက်ပွဲ လိမ်လည်မှုကြီး ထပ်မံတိုးမြှင့် ကျူးလွန်ဦးမှာကိုတော့ ပြည်သူတွေက နိုင်ငံတကာက သိနေနှင့်ကြပြီးသားပါခင်ဗျာ။    ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024