ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ မွေးမြူရေးလုပ်ငန်းတွေ ပြန်လည် နာလန်ထူနိုင်ဖို့ ထုတ်ချေးပေးထားတဲ့ ကိုဗစ်ချေးငွေ ပြန်ဆပ်ရမယ့်ကာလကို စစ်ကောင်စီက သက်တမ်းတနှစ် ထပ်တိုးလိုက်ပါတယ်။
ကိုဗစ်ကြောင့် ထိခိုက်မှုတွေ ထပ်မံရှိနေပြီး လုပ်ငန်းတွေ ငွေကြေးလည်ပတ်မှုတွေ အဆင်ပြေစေဖို့ ချေးငွေပြန်ဆပ်ကာလကို အခုလို သက်တမ်းတိုးပေးတာလို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ဆိုပါတယ်။
မွေးမြူရေးလုပ်ငန်းတွေအတွက် အဲဒီချေးငွေကို ချေးငွေသက်တမ်း တနှစ်၊ အတိုးနှုန်း ၁ ရာခိုင်နှုန်း သတ်မှတ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က စတင်ထုတ်ချေးပေးခဲ့တာပါ။
ဒါကြောင့် ချေးငွေသက်တမ်းကုန်ဆုံးပြီး ပြန်ဆပ်ကာလကို မကြာခင်ရောက်ရှိတော့မယ်၊ မွေးမြူရေးလုပ်ငန်းတွေထဲက ချေးငွေကို လုပ်ငန်းထိရောက်အောင် ဆောင်ရွက်နေတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေ၊ အတိုးပေးသွင်းထားပြီးဖြစ်တဲ့ လုပ်ငန်းတွေကိုသာ ချေးငွေ ပြန်ဆပ်ကာလ တနှစ် ထပ်မံတိုးမြှင့်ပေးတာဖြစ်တယ်လို့ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထုတ်ပြန်ချက်အရ အခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍက ထိခိုက်မှုအများဆုံး ကုမ္ပဏီ/လုပ်ငန်း ၃၂၅ ခုခန့်ကို ကိုဗစ်ရန်ပုံငွေထဲက ကျပ် ၇ ဒသမ ၆ ဘီလီယံ ထုတ်ချေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ကော်မတီက ချေးငွေ အတိုး/အရင်း ပြန်ပေးဆပ်ဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ တရားမကြောင်းအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ သတိပေးထားပြီး ခွင့်ပြုထားတဲ့ကာလအတွင်း ချေးငွေကို အကြေပေးဆပ်ဖို့လည်း တိုက်တွန်းထားပါတယ်။