Live
Home
Lead Story
ကန့်ဘလူ ဇော်ချောင်းကျေးရွာအား စစ်တပ်က မီးရှို့၊ နေအိမ် ၂၀ နှင့် ဘူတာရုံ မီးလောင်ဆုံးရှုံး
DVB
·
December 1, 2022

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇော်ချောင်းကျေးရွာကို နိုဝင်ဘာ ၃၀ ရက်နေ့ မနက် ၁၁ နာရီလောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၂၀ နဲ့ ကျေးရွာမီးရထားဘူတာရုံ မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၅၀ ကျော်ပါစစ်ကောင်စီတပ်ဖွဲ့ဟာ မနေ့မနက်က သင်တောကျေးရွာမှတဆင့် ဇော်ချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ကိုးတောင်ဘို့ရွာမှာ အထိုင်ချထားတဲ့ ခမရ ၃၆၃ တပ်ရင်းကပါ။ သင်တောရွာမှာ ၃ ရက်လောက် ညအိပ်တပ်စွဲထားရာကနေ ဇော်ချောင်းရွာဘက်ကို ပစ်ခတ်ဝင်လာပြီး မီးရှို့သွားတာ။ မီးရထားဘူတာရုံလည်း မီးထဲပါသွားတယ်။ ရွာကဒေသခံတွေကတော့ သူတို့‌တွေ ဝင်လာပြီဆိုတာ သိလို့ အရင်ပြေးရတာ။ လက်ရှိမှာ စစ်ရှောင်တွေအနေနဲ့ကတော့ တောထဲမှာပဲ တဲထိုးနေကြရတာပေါ့ဗျာ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အိမ်ခြေ ၂၀၄ လုံးရှိတဲ့ ဇော်ချောင်းကျေးရွာကို မီးရှို့တာ အခုအကြိမ်နဲ့ဆို ၆ ကြိမ်မြောက်ရှိပြီဖြစ်ပြီး နေအိမ်စုစုပေါင်း ၁၆၅ လုံး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ နေ့ကနေ ၂၄ ရက်နေ့အတွင်း ကန့်ဘလူမြို့နယ်ရှိ ကျောက်တိုင်၊ ကျီစု၊ ဖိုလ်ကုန်း၊ သောက္ကန်ကျေးရွာတွေကို စစ်ကောင်စီတပ် မီးရှို့ခဲ့တာကြောင့် လူနေအိမ်ခြေ စုစုပေါင်း ၈၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး သက်ကြီးရွယ်အို ၂ ဦးအပါဝင် စုစုပေါင်း ဒေသခံပြည်သူ ၅ ဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ဆက်တိုက်စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် စစ်ရှောင်ပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024