တူရကီ ကျောက်မီးသွေးတွင်း မတော်တဆမှုကို အကြောင်းပြု ပြီး ဆန္ဒပြပွဲများ ဖြစ်ပွား

မေလ ၁၃ ရက်နေ့ ညနေက ဖြစ်ပွားခဲ့တဲ့ တူရကီနိုင်ငံရဲ့ အဆိုးဝါးဆုံး ကျောက်မီးသွေးတွင်း မတော်တဆမှုကို အကြောင်းပြုပြီး တူရကီမြို့ကြီးတွေမှာ မေလ ၁၄ ရက်နေ့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

Turkeyတူရကီနိုင်ငံ အနောက်ပိုင်းက  အလုပ်သမား ၈၀၀ နီးပါးလောက် အလုပ်လုပ်တဲ့ ကျောက်မီးသွေး တွင်း ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တာမှာ အလုပ်သမား ၄၅၀ ကို ကယ်ဆယ် နိုင်ခဲ့တယ်လို့ ကျောက်မီးသွေး တွင်းကုမ္ပဏီက ပြောဆိုပေမယ့် မေလ ၁၄ ရက်နေ့အထိ လူ ၂၄၅ ဦး သေဆုံးခဲ့ကြပါတယ်။ အလုပ်သမား ၁၂၀ ကျော်လည်း ပိတ်မိနေနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

တူရကီနိုင်ငံရဲ့ စီးပွားရေးဟာ ၁၀ စုနှစ်တခုလောက် တိုးတက်မှုတွေ ရှိခဲ့ပေမယ့် စက်မှုလုပ်ငန်းခွင်တွေကတော့ ကမ္ဘာ့အဆိုးဆုံးအခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။

မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီကျော်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုမှာ မီးလောင်ပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်တာကြောင့် ကျောက်မီးသွေးတွင်း လေပေးရေးစနစ်တွေ ရပ်တန့်ကုန်ပြီး အခုလို သေဆုံးသူ များပြားရတာလို့ ဆိုပါတယ်။

အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ကျောက်မီးသွေးတွင်းရုံးချုပ်ရှေ့မှာ မနေ့က ဆန္ဒပြသူ ၂၀၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်။ ကျောက်မီးသွေးတွင်းရှိရာ ဆိုမာမြို့က လူထုတွေကတော့ ကျောက်မီးသွေးတွင်း မီးလောင်မှုဖြစ်ပွားခဲ့မှုကို ဒေါသထွက်နေကြပါတယ်။

မြို့တော်အန်ကာယာ မှာတော့ ဆန္ဒပြကျောင်းသားတွေနဲ့ တူရကီလုံခြုံရေးတွေ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ကြပါတယ်။ တူရကီ ကျောက်မီးသွေးတွင်းတွေရဲ့ ဆိုးဝါးတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အကြိမ်ကြိမ်သတိပေးမှုတွေ ရှိခဲ့ပေမယ့်လည်း ၀န်ကြီးချုပ် ထာရစ် အာဒိုဂမ် (Tayyip Erdogan) အစိုးရဟာ မျက်ကွယ်ပြုခဲ့တယ်လို့ အစိုးရအတိုက်အခံတွေက စွပ်စွဲကြပါတယ်။

ကျောက်မီးသွေးတွင်းတွေရဲ့ လုံခြုံရေး အဆင့်အတန်း နိမ့်ကျနေမှုကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့လည်း တောင်းဆိုကြပါတယ်။

တူရကီနိုင်ငံဟာ ၂၀၁၂ ခုနှစ်က အလုပ်သမားအသေအပျောက်အများဆုံး ကမ္ဘာ့အဆင့် ၃ နေရာမှာ ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က သတ်မှတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up