(က)
မနက်အိပ်ရာကနိုးတော့ ရေအိုးစင်က ရေတခွက်ပြည့်ပြည့် ခပ်သောက်လိုက်တဲ့အခါ အူထဲကို တုန်ဆင်းသွားပါလေ၏။
တောရိပ် တောင်ရိပ် ချောင်းရိပ် ကန်ရိပ်တွေ အပြည့်နှင့် ခိုနားနေရာ သည်ရွာကလေးမှာ ဆောင်းပီသနေပါပြီ ခင်ဗျ။
တဲနံဘေး ရေစည်မှာ မျက်နှာသစ်တော့လည်း အေးလွန်းလှပါလေ၏။ သရက်ပင်ကြီးပေါ်က သစ်ရွက်တွေကတဆင့် နှင်းစက်တွေ ဒိုင်ဗင်ထိုးကာ သူ့ထက်ငါ ဆင်းလာနေသောမြင်ကွင်းကား လှပလွန်းပါ၏။
“ကိုကြီးဖေကြီး . . . ကိုကြီးဖေကြီး . . .”
“ဟဲ့ ဟဲ့ . . . ဟာ . . . မူးလာပါလားဟ”
ပတ်ဝန်းကျင်ကို မေ့နေမိခိုက် ကတိုက်ကရိုက် ခေါ်လိုက်သံကြောင့် လန့်တောင်လန့်သွားပါ၏ ခင်ဗျာ။ အဘစောမူးသာ၏မြေး စောမူးလာ ဆိုတဲ့ကောင်ပေါ့။ အဘစောမူးသာက အခေါ်ခိုင်းလိုက်လို့တဲ့။ အရင်က ဖုန်းဆက်ခေါ်နေကျဟာကို အခုတော့ ဖုန်းငွေဖြည့်ကတ် ဝယ်မရလို့ဆိုလား။
(ခ)
မျက်နှာအမြန်သစ်ပြီး မူးလာနောက်က လိုက်ခဲ့လေရာ ရေနွေးကြမ်းဝိုင်းမှာ လူစုံတက်စုံ မြင်ရပါလေ၏။ အဘစောမူးသာ၊ အဘစိမ်းမောင်နှင့် လေဖြတ်ပြီး နာလန်ထခဲ့သူ အဘထွန်းခင်တို့ ဖြစ်ပါ၏။ အဘထွန်းခင်က အိုးထဲမှ အမြည်းများကို ပန်းကန်ထဲသို့ ခပ်ခပ်ထည့်နေပါလေ၏။ အဘစောမူးသာက လှမ်းခေါ်၏။
“လာဟေ့ ဖေကြီး . . . လာဟ . . .”
“မျှော်တုန်းမျှော်ဆဲ ဖေလည်းရောက်လာ”
“ဟားဟား ဟားဟား ဟားဟား . . . .”
“ထမင်းကြမ်းစားကွာ . . . အမြည်းလည်း ကောင်းတယ်ဟ”
“ဒီမနက်အမြည်းက ဘာတုန်းအဘ”
“မင့်အဘ ထွန်းခင် ချက်ထားတာပဲကွာ၊ မင်းဟာမင်းသာ ကြည့်ပေတော့”
‘မေးကြည့် ဖြေကြည့် ပဟေဠိ’ အစီအစဉ်တော့ စပြီခင်ဗျ။ ဒါနဲ့ ဖေကြီးလည်း အဘထွန်းခင် ခပ်ထည့်ထားတဲ့ ပန်းကန်ကို မယူကြည့်လိုက်တော့ လက်ကောက်ဝတ်လောက် အသားကွင်းတွေ တွေ့ရသဗျ။ ငါးခူလိုလို ငါးရှဉ့်လိုလိုဟာကို လှီးပြီး ချက်ထားတာ။ ဒါပေမဲ့ သူ့မှာ အကြေးခွံလိုလိုတွေ မြင်ရပါ၏။
“စားကွာ ဖေကြီး . . . ထမင်းကြမ်းနဲ့စား”
တတုံးထည့် အနှစ်ကလေး ထမင်းပေါ်ဆမ်းနယ်ပြီး တလုပ်စားလိုက်တယ်။ ငါးတို့ ငါးရှဉ့်တို့တော့ မဟုတ်တာ သေချာတယ်။ ဒါနဲ့ အသားလေးဖဲ့ပြီး ဒီအတိုင်း မြည်းကြည့်ဖြစ်ပါတယ်။
“အဲဒါ ‘မြွေပွေး’ သားကွ ဖေကြီးရ”
“အောင်မလေးဗျာ . . . တခါမှ မစားဖူးခဲ့ပါဘူး အဘတို့ရာ . . .”
“ဘယ်လိုနေလဲ”
“အဲ . . . ဒီလိုပါပဲ အဘရယ်”
“ဟားဟား ဟားဟား ဟားဟား . . .”
လည်ချောင်းထဲမှာ ယားသလိုလို ဖြစ်လာပါလေ၏။ သို့ပေမဲ့လည်း ထမင်းကြမ်းကို ဆက်ဆွဲဖြစ်ပါလေ၏။ စားနေရင်းကနေ သူတို့တွေပြောတာ နားဆင်ရပါ၏ ခင်ဗျာ။
ပဲခင်းထဲဆေးဖျန်းရင်း အဘစိမ်းမောင်ကြီး ‘အပေါက်’ ခံရတာတဲ့။ လည်ရှည်တွတ်ပီ ဘိနပ်အပြာကြီးရဲ့ ခြေကျင်းဝတ်နေရာကို ပေါက်ထည့်လိုက်တာတဲ့။ ကံကောင်းချင်တော့ အစွယ်က အထဲ အသားအထိ မရောက်ဘူးတဲ့။ ကံဆိုးချင်တော့ ဖိနပ်မှာ တန်းလန်းဖြစ်နေတဲ့မြွေကို ပါလာတဲ့ထမ်းပိုးနဲ့ တီးထည့်လိုက်တာ အခုလိုမျိုး ‘အမြည်းဘဝ’ ရောက်သွားရှာတော့တာပါတဲ့ ခင်ဗျ။
ကြားရတာ လန့်စရာကြီးဗျာ။ အဲဒါကိုယူလာတော့ အဘထွန်းခင်က သူချက်မယ်ဆိုပြီး တရုတ်နံနံနဲ့ဆိုလား ချက်တာပါတဲ့။ မြွေပွေးသားနဲ့ ရေနွေးကြမ်းဝိုင်းမှာ အခြား မြွေပေါင်းစုံအကြောင်းလည်း ဗဟုသုတဖြစ်ဖွယ် နားဆင်ရပါတယ် ခင်ဗျ။
ခဏနေတော့ အဘစောမူးသာမျက်နှာမှာ သူ့မူပိုင် ‘ပြုံးစိစိ’ အရိပ်အယောင်ကို တွေ့မြင်လိုက်ရလေရာ ‘တခုခု’ တော့ဖြင့် ကြားရမေဦး တော့မည်မှာ မလွဲပါဟု ဖေကြီး ကျွန်ုပ် အဟုတ်ပြောရဲပါတယ် ခင်ဗျ။
“အေးကွ . . . ကံဆိုးသူ မောင်မြွေပွေးကို မြင်ရတော့ ‘ဘုရားစင်ပေါ်ကမြွေ’ ကို သတိရမိပြန်သဟ စိမ်းမောင်ရ”
“ဘုရားစင်ပေါ်ကမြွေ . . . ဟုတ်လား”
“အေးကွ . . .”
သို့ဖြင့် သည်မနက်စကားဝိုင်းမှာ မြွေဇာတ်ဆန်းတပုဒ်ကို ကြားသိရပါလေတော့၏။
အဘစောမူးသာ ပြောပြသည်မှာ စိတ်ဝင်စားဖွယ်ရာ ‘မြွေဇာတ်လမ်း’ ပါ ခင်ဗျ။
တနေ့မှာ ဘုရားဆွမ်းကပ်တဲ့အဘွားက မှန်ကျောင်းဆောင်မှန်တံခါးက ကျပ်လုံးကျော်ကျော် မှန်ပေါက်ကလေးကို ဆွဲဖွင့်မလို့လုပ်တော့ ဘုရားစင်ထဲမှာ မြွေတကောင် ဝင်ခွေနေတာကို တွေ့ရပါသတဲ့။ အဘွားကိုမြင်တော့ မြွေက ရုတ်တရက် ပါးပြင်းထထောင်ပါသတဲ့။ ဒါကြောင့် အဘွားလည်း ဆက်မဖွင့်ရဲတော့ဘဲ မှန်တံခါးကို အမြန်ပြန်ပိတ်ကာ ဆွမ်းတော်လည်း မကပ်ရဲတော့ဘူးပေါ့ဗျာ။
နောက်ရက်မကြာခင် သူ့ဟာသူ ပြန်ဆင်းသွားမယ်လို့ ထင်နေကြပေမယ်လို့ ခွေနေတဲ့မြွေဟာ ဘယ်ကိုမှ မသွားပါဘူးတဲ့။
ပြီးတော့ အဲသည် မှန်ကျောင်းဆောင်လေးထဲမှာရှိတဲ့ ဘုရားပန်းအိုးတွေကိုလည်း ပန်း၊ ရေချမ်း ဘယ်လဲရဲတော့မလဲ။ အဲသည် ဝင်ခွေနေတဲ့မြွေက ဘုရားစင်ထဲဝင်လာတဲ့ အိမ်မြှောင်ကလေးတွေ ကြွက်ကလေးတွေကို ဖမ်းဖမ်းစားပြီး ပြန်ပြန်ခွေနေပါသတဲ့။
ရက်ကြာလာတဲ့အခါ ဘုရားပန်းအိုးတွေထဲက ပန်းတွေလည်း ညှိုးပြီး ခြောက်ကုန်၊ သောက်တော်ရေခွက်ထဲက ရေတွေလည်း ခန်းခြောက်ကုန်တာကို မှန်အပြင်ကနေ အိမ်သားတွေ အတိုင်းသား မြင်နေရတော့ ရင်ထဲ မကောင်းကြဘူးပေါ့ဗျာ။
မြွေဆင်းသွားဖို့ ခြောက်ပေမဲ့ မြွေက လူတွေကို ပါးပြင်းထောင်ပြီး ပြန်ပြန်ခြောက်နေလို့ အိမ်သားတွေ လက်လျှော့ထားရကာ တနေ့နေ့တော့ သူ့ဟာသူ ‘ဆင်း’ သွားမှာပဲလို့သာ မျှော်လင့် စောင့်စားနေကြရပါသတဲ့။
ဒါပေမဲ့လည်း ရက်တွေကနေ လဖြစ်လာတဲ့အထိ အဲသည်မြွေဆိုးဟာ အဲသည် အထွတ်အမြတ် နေရာကနေ တဖဝါးမှမခွာဘဲ သူ့အပိုင်စားနေရာလို သူ့စိတ်ကြိုက် ဆက်ခွေမြဲ ဆက်နေမြဲဆိုတော့ အိမ်သားတွေအကုန်လုံး အဲသည်အကောင်နဲ့ တအိမ်ထဲမှာ အတူနေရတာမို့ စိတ်တွေ မလုံခြုံကြတော့ဘဲ တထိတ်ထိတ်နဲ့ နေကြရပါသတဲ့။
“အဲဒါ . . . လအတော် ကြာသတဲ့ဟ”
“အဲသည်တော့ ဘယ်လိုဆက်ဖြစ်သလဲ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . သူများကို ဒုက္ခပေးတဲ့ကောင်ပဲကွာ . . . ဘာဖြစ်ရမလဲ”
အဘစောမူးသာ၏ ‘လျှို့ဝှက်သောအပြုံး’ မှာ ‘အဓိပ္ပါယ်’ ပါပါလေ၏ ခင်ဗျာ။ ရေနွေး ပူပူတခွက်ကို ငှဲ့၏။ မြွေပွေးသားတတုံးကို နှိုက်ယူကာ ဝါး၏။ ပြီးတော့ ရေနွေးပူပူကို မှုတ်သောက်ကာ ခံတွင်းရှင်း၏။ ပြီးသည့်အခါ ‘မြွေဆိုး၏ဘဝနိဂုံး’ အပိုင်းကို ဆက်ပါလေ၏ ခင်ဗျာ။
“တရက်မတော့ အိမ်သားတွေက အပုပ်နံ့တခုရလို့ လိုက်ရှာလိုက်တာ ဘယ်မှာမှမတွေ့ဘဲ နောက်ဆုံး ဘုရားစင်ထဲကို ကြည့်လိုက်တော့မှ အဲသည် ‘အကောင်ရှည်’ ဟာ ‘ဂန့်’ နေရှာပြီတဲ့ ဟ”
“ဟေ . . ဘယ်လိုလုပ်ပြီး ဂန့်သွားတာလဲ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . . .”
“အရေးထဲ ရယ်နေပြန်ပါပြီဟာ . . .”
အဘစောမူးသာက ရေနွေးတကျိုက် မော့သောက်ပြီးမှ သူ့ဇာတ်ကို ဆက်ပါလေ၏။
“ဒီကောင် ‘ဂန့်’ မှာပေါ့ဟ . . . မှန်တံခါးကိုဆွဲဖွင့်ဖို့ ကျပ်လုံးကျော်ကျော်အပေါက်မှာ တိပ်အကြည်အထပ်ထပ် ကပ်ထားလိုက်လို့ အထဲမှာ အောက်ဆီဂျင်ပြတ်ပြီး ‘ရှောဘရားသား’ ဖြစ်သွားတာတဲ့ဟ . . . ဟား ဟား ဟား ဟား ဟား ဟား”
“ဟေ . . .”
“ဗျာ . . .”
“အဲ . . . အဲဒါ ဘယ်သူ ကပ်လိုက်တာလဲ”
“ဟဲ ဟဲ ဟဲ ဟဲ . . . . အဲဒါတော့ ငါလည်း ဘယ်သိမလဲ . . . အိမ်သားတွေထဲက တယောက်ယောက် ဖြစ်မှာပါ့ကွာ”
“အင်း . . . . . .”
“ဘုရားစင်ပေါ်မှာဂန့်နေတဲ့ မြွေသေကောင်ကို မီးညှပ်နဲ့ကော်ပြီး ထုတ်လာတော့ အဲသည်အဘွားက စုတ်တသတ်သတ်နဲ့တဲ့”
မတန်မရာ တက်ခွေနေသည့် မြွေဆိုးဇာတ်လမ်းကား ဤမှာတင် ပြီးပြီထင်ပါ၏။ ‘လေဝင်ပေါက်’ ကို မည်သူပိတ်လိုက်ပါသနည်း။
ဘယ်သူပင် ပိတ်လိုက်ပိတ်လိုက် အိမ်သားတွေအကုန်လုံး ဘေးကင်းချမ်းသာ ရှိသွားကြတာတော့ အမှန်ပါ။
အဘထွန်းခင်က ဖေကြီးကိုကြည့်ကာ အဘစောမူးသာဘက် မေးဆတ်ပြပါ၏။ အဘစောမူးသာက မြွေကို စတင်တွေ့ရှိခဲ့သည့် အဘွား၏ မှတ်ချက်စကားကို ဤသို့ပြောကြားပါလေ၏။
“သိပ်ကိုမိုက်လုံးကြီးတဲ့ကောင် . . . . သေလို့ ကော်ထုတ်တော့မှပဲ ဆင်းတော့တာကိုး”
“ဟိုးဟိုး ဟိုးဟိုး ဟိုးဟိုး . . . . . .”
ဖေကြီး (လေရှီး)