ဧရာဝတီတိုင်း၊ ဇလွန်မြို့မှာ နိုဝင်ဘာ ၂၅ ရက် ဒီမနက်အစောပိုင်းက စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေးဘဏ်ရှေ့ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းမတော်မြောက်ရပ်ကွက်မှာရှိတဲ့ စိုက်ပျိုးရေးဘဏ်ရှေ့မှာ မနက် ၆ နာရီ ၁၀ မိနစ်လောက်က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။
ဒေသခံတဦးက “စိုက်ပျိုးရေးဘဏ်ရှေ့မှာ ဖြစ်သွားတာ၊ ပေါက်တာတော့ တလုံးပဲ၊ သတိပေးတဲ့အနေနဲ့ လုပ်တာဖြစ်နိုင်တယ်။ ခဏနေတာနဲ့ ရဲတွေရော စစ်သားတွေရော ရောက်လာတာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက လမ်းကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စိုက်ပျိုးရေးဘဏ် ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ စိုက်ပျိုးရေးဘဏ်ဟာ ဒုတိယအကြိမ် ပေါက်ကွဲတာဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်ကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။