ဖမ်းဆီးခံထားရတဲ့ မန္တလေးသံဃသမဂ္ဂက ဆရာတော်နဲ့ မန္တလေးသပိတ်အင်အားစုက လူငယ် ၄ ယောက်တို့ကို နိုဝင်ဘာ ၂၄ ရက်မှာ စစ်ကောင်စီတရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချလိုက်ပါတယ်။
ပြည်ကြီးတံခွန် တရားရုံးကနေ အမိန့်ချခဲ့တာဖြစ်ပြီး ရှေ့နေငှားခွင့်နဲ့ ခုခံချေပခွင့် မရဘဲ အမိန့်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သံဃသမဂ္ဂ - မန္တလေးအဖွဲ့က “လူတဦး တယောက်ကို အကြမ်းဖက်ဖမ်းဆီးပြီး ရှေ့နေငှါးခွင့် ခုခံချေပခွင့်မရှိဘဲ အမိန့်ချမှတ်တာဟာ လူတဦးတယောက်ချင်းစီရဲ့ အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်။” လို့ ဆိုပါတယ်။
အောက်တိုဘာ ၃၀ ရက်က မန္တလေး သံဃသမဂ္ဂက ဆရာတော် ဦးကလျာဏ (ခ) ဦးယောကြီးနဲ့ မန္တလေး သပိတ်အင်အားစုက ကိုပိုင်နွေဦး၊ ကိုကောင်းခန့်ဇော်၊ ကိုနေရဲ ၊ ကိုဟိန်းမောင် တို့ကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။