ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ နိုဝင်ဘာ ၃ ရက်က မရမ်းကွဲကျေးရွာက ရာအိမ်မှူး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် ဖမ်းဆီးခံရသူ ၂၅ ဦးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ရာအိမ်မှူး မြင့်ဇော် အသတ်ခံရတဲ့ တပတ်အတွင်းမှာ ဒေသခံပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးခဲ့သလို နိုဝင်ဘာ ၂၁ ရက် ညပိုင်းက ဆိုင်ကယ် ကယ်ရီမောင်းသူ နှစ်ယောက်ကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“အားလုံးဆို ဒီလထဲမှာ အဖမ်းခံရတာ ၂၅ ယောက်လောက်ရှိပြီ အမှန်က မသက်ဆိုင်တဲ့သူတွေကို လိုက်ဖမ်းနေတာ လုပ်တဲ့အဖွဲ့ကလည်း သူတို့အဖွဲ့ကလုပ်တာပါ ကြေညာထားတယ်။ အဲ့တာကို အပြစ်မရှိတဲ့ ပြည်သူတွေကို စွပ်စွဲဖမ်းဆီးနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
မရမ်းကွဲကျေးရွာက စစ်ကောင်စီခန့်ရာအိမ်မှူး မြင့်ဇော်ကို ပစ်သတ်ခဲ့တာဟာ ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပေမယ့် ခုလိုမျိုး ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက လိုက်ဖမ်းနေတာလို့ ဆိုပါတယ်။
ရာအိမ်မှူး မြင့်ဇော် အသတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရဲ့ စွပ်စွဲဖမ်းဆီးတာ ခံရထားတဲ့ ကျေးရွာတွေကတော့ မရမ်းကွဲ၊ ကျုံစိန်၊ မလော့၊ ပေချောင်းစတဲ့ကျေးရွာသားတွေ အများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း မြို့နယ်တွေမှာ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီသတင်းပေးတွေ အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာနေရာတွေကို ဗုံးခွဲတိုက်ခိုက်ရှင်းလင်းမှုတွေ လုပ်ဆောင်တိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူတွေကိုသာ အဖမ်းပြပြီး အမှုဖွင့်လေ့ရှိတယ်လို့ ဆိုပါတယ်။