Home
မြန်မာသတင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၇ လအတွင်း ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဝင်ရောက်၊ စင်ကာပူက အများဆုံးဖြစ်
DVB
·
November 24, 2022

မြန်မာနိုင်ငံမှာ စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက  အခုဘဏ္ဍာနှစ် ၇ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၄ ဘီလီယံရှိပြီး စုစုပေါင်း FDI ဝင်ရောက်မှုရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ပထမ ၇ လအတွင်းမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၅၂ ခု၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေနဲ့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၅၁ ဘီလီယံကျော် ဝင်‎ရောက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမူက စုစုပေါင်း ဝင်ရောက်မှုရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင်ထိ ရှိပြီးတော့ ဟောင်ကောင် ရင်းနှီးမြှုပ်နှံမှုက  အမေကန်ဒေါ်လာ သန်း ၁၆၀ ကျော်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမူက အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော်ရှိပြီးတော့  တတိယအများဆုံး ဝင်‎ရောက်ထားတာပါ။ အလားတူဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်၊  ကိုရီးယားနိုင်ငံက ကန်ဒေါ်လာ ၄ သန်းကျော်၊ တရုတ်(တိုင်ပေ)က ဒေါ်လာ ၃သန်း၊ ဘရာဇီးက ဒေါ်လာ ၁ ဒသမ ၅ သန်း၊ ယူကေနိုင်ငံက ဝ ဒသမ ၃ သန်းနဲ့ အသီးသီး ဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြပါတယ်။

ဒါ့အပြင်  အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့်ရှ်နဲ့  ဆွစ်ဇာလန်နိုင်ငံတို့ကလည်း သူတို့အရင် ဝင်ရောက်ထားပြီး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမူတွေ တိုးမြှင့်ထားတာ တွေ့ရပါတယ်။

ရင်းနှီးမြှပ်နှံမှု အများဆုံး ဝင်ရောက်ခဲ့တဲ့ ကဏ္ဍတွေကတော့  စွမ်းအင်ကဏ္ဍဖြစ်ပြီးတော့၊ ဝန်ဆောင်မှုကဏ္ဍက ဒုတိယအများဆုံးပါ။ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ တတိယအများဆုံး ဝင်ရောက်ခဲ့ပြီး၊ အိမ်ရာအဆောက်အဦကဏ္ဍ၊ လယ်ယာကဏ္ဍ၊ သတ္တုလုပ်ငန်းကဏ္ဍနဲ့ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍတို့မှာ အနည်းငယ်စီ ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ စက်မှုကဏ္ဍ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍတို့မှာတော့ ပြည်ပရင်းနှီးမြှုပ်နှံမှု လုံး၀ ၀င်ရောက်ခဲ့ခြင်း မရှိပါဘူး။

မြန်မာနိုင်ငံအတွင်း ပြည်ပဝင်ရောက်ရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့က နှစ်စဉ် ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမူတွေက သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အဘက်ဘက်က ယိုယွင်းလာတဲ့ အခြေအနေတွေကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တာ လျော့ကျခဲ့သလို ရှိပြီးသား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတွေ ပြန်ထွက်ခွာတာ၊ လုပ်ငန်းရပ်ဆိုင်းတာတွေလည်း အများအပြား ရှိခဲ့တာကြောင့် လက်ရှိ မြန်မာပြည်တွင်းမှာ  အလုပ်အကိုင်ရှားပါးမှုလည်း မြင့်မားနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်မှာ ကမ္ဘာ့ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းခဲ့တာကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံအသစ်တွေ ထပ်ဝင်လာဖို့ တုံ့ဆိုင်းသွားစေသလို ဝင်ရောက်ထားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်း လုပ်ငန်းဆက်လက်လည်ပတ်ဖို့ တွေဝေသွားစေနိုင်တယ်လို့ မြန်မာ့စီးပွားရေး လေ့လာ စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူတစ်ဦးက “Foreign Investment တွေကတော့ ဆက်သွားဖို့ ပိုခက်လာပါမယ်။ အထူးသဖြင့် အနောက်နိုင်ငံက ကုမ္ပဏီတွေ Branded Company တွေကတော့ Blacklist (နာမည်ပျက်စာရင်းဝင်) နိုင်ငံမှာ အလုပ်လုပ်တာဟာ ငွေကြေးခဝါမှုပါ ပါဝင်သလိုဖြစ်မှာစိုးလို့ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။

မြန်မာနိုင်ငံမှာ အန်အယ်လ်ဒီအစိုးရ တာ၀န်ယူထားတဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက ၄ ဒသမ ၈ ဘီလီယံကျော်  ၀င်ရောက်ခဲ့ပါတယ်။

အရပ်သား အစိုးရလက်ထက်မှာ ၄ လ၊ စစ်ကောင်စီလက်အောက်မှာ ၈ လ ရှိခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ  ရှိပြီးလုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်တာတွေ အပါအ၀င် စုစုပေါင်း ၀င်ရောက်ခဲ့တဲ့  ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန် ဒေါ်လာ  ၃ ဒသမ ၇၉၁ ဘီလီယံသာရှိခဲ့ပြီး ၂၂ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလကနေ မတ်လအထိ ကြားကာလ ဘတ်ဂျက်အတွင်းမှာလည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု  အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော်သာ ၀င်ရောက်ခဲ့ပြီး ဆယ်စုနှစ်အတွင်း ၀င်ရောက်မှုအနည်းဆုံး ဖြစ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024