Home
ဆောင်းပါး
ပြန်ဝန်ဟောင်းရဲ့ မာယာစာလား (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
November 23, 2022

ပြည်ပမီဒီယာ၊ အတိုက်အခံမီဒီယာရယ်လို့ စစ်အာဏာရှင်အဆက်ဆက်က သမုတ်သတ်မှတ်လေ့ရှိတဲ့ မီဒီယာတွေဟာ စစ်အာဏာရှင်လက်အောက်မှာ မနေလိုလို့ လွတ်မြောက်နယ်မြေတွေမှာ အခြေစိုက်ကြပေမယ့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့စာတွေကို ဖော်ပြလေ့မရှိပါဘူး။ စစ်အစိုးရသတင်းစာတွေမှာ ဖော်ပြလေ့ရှိတဲ့ ပြောပြန်ရင်လည်း အောင်မင်း လွန်ရာကျမယ်တို့၊ ဟုတ်ပါ့မလား မောင်ကာဠုရယ်တို့လို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရှုတ်ချတဲ့ ဆောင်းပါးမျိုးတွေကိုလည်း အယ်ဒီတာတွေက ခွင့်ပြုလေ့မရှိပါဘူး။ ရေးသူတွေကလည်း မရေးကြပါဘူး။

စာရေးသူတို့ဟာလည်း ပုဂ္ဂိုလ်ရေးအမြင်သဘောထားနဲ့ ကိုယ့်ဖေ့ဘုတ်၊ ကိုယ့်ဘလော့မှာ ပြောဆိုနေကြတာတွေကို အရေးတယူလုပ် ဝေဖန်ပိုင်းခြား ရေးသားလေ့မရှိပါဘူး။ ဒါပေမဲ့ ပြန်ဝန်ဟောင်း ဦးရဲထွဋ် ၂၁ ရက်က တင်လိုက်တဲ့ စာကိုတော့ ဝေဖန်ပိုင်းခြားစိစစ်ကြည့်ရပါတယ်။ ဦးရဲထွဋ် ဆိုတာက စစ်တပ်အရာရှိဟောင်းဖြစ်တဲ့အပြင် ပြန်ကြားရေးဝန်ကြီးဟောင်းလည်း ဖြစ်၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့လည်း ချိတ်ဆက်နိုင်သူဖြစ်တော့ သူ့စာတွေရဲ့ သက်ရောက်မှုက အားတခုရှိတယ် မဟုတ်လား။ 

‘ရေစကြိုစကားဝိုင်း’လို့ ခေါင်းစဉ်တင်ထားတဲ့ ဦးရဲထွဋ်ရဲ့စာမှာ သူဟာ ရေစကြိုနွယ် ဖြစ်တယ် ဆိုတာနဲ့ စဖွင့်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ရေစကြိုပွဲတခုကို သူ့အမေကိုယ်စား သွားတက်ပါတယ်တဲ့။ နယ်စုံရောက်နေတဲ့ ရေစကြိုသားတွေ ဆုံကြလေ့ရှိတဲ့ ပွဲမို့ ရေစကြိုပွဲစစ်စစ်လို့လည်း သူက ဆိုပါတယ်။ ဘာပွဲဆိုတာကိုတော့ သူ မပြော။ နတ်ပွဲလား၊ ဘုရားပွဲလား၊ ဘာတခုမှ သူ ဖွင့်ဟမပြ။  မြေပြင်မှာ ဖြစ်ခဲ့ပြီးတဲ့ ပွဲဟာ ဘာပွဲပါလို့ မပြောဘဲ ထိမ်ချန်စရာမလိုလို့ စာရေးသူကတော့ ယူဆပါတယ်။ ထားတော့။ အဲ့ဒီပွဲ ရှိခဲ့တယ်၊ သူ ရောက်ခဲ့တယ်ဆိုတော့လည်း သူရောက်သွားခဲ့တယ်လို့ပဲ ယုံကြည်ပေးရုံပေါ့။ 

အဲဒီပွဲမှာ လူစုံသလို အသက်အရွယ်လည်း စုံတယ်ပေါ့။ ဂျပန်ခေတ်ကို မီလိုက်သူတွေပါသလို ၊ ရောင်စုံသူပုန်ခေတ်မှာ လူဖြစ်လာသူတွေလည်း ပါတယ်တဲ့။ ဒီလို ရှေ့မီလူကြီးတွေက ဂျပန်ခေတ်မှာ ရွာတွေ မီးရှို့မခံရဘူးသလို၊ ရောင်စုံသူပုန်ခေတ်မှာလည်း မခံခဲ့ရဘူးလို့ ပြောကြပါသတဲ့။ ဒီရေးသားချက်ကနေ စပြီး ဦးရဲထွဋ်က ပရိတ်သတ်တွေကို ဖမ်းစားလိုက်တာပါ။ မီးရှို့တဲ့လက်သည်ကို သူက မေးပါတယ်။ "လူစိမ်းတွေပေါ့ဗျာ" လို့ ဖြေတယ်တဲ့။ စာရေးသူကတော့ အညာသားစစ်စစ် တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ ရေစကြိုသားစစ်စစ်က ပြောတဲ့စကားလား၊ စာရေးတတ်တဲ့ ဦးရဲထွဋ်ကပဲ စကားလုံး ကုလားဖန်ထိုးလေသလားဆိုတာကို သံသယပွါးမိပါတယ်။ လူစိမ်းဆိုတဲ့ စကားလုံးကို မဖြည်ဘဲ အရှိန်မြှင့်ပေးလိုက်တာက “ ဖုန်းနဲ့ ရိုက် ထားတဲ့ ဗီဒီယိုတွေရှိပါ့ဗျာ။ မတင်ရဲလို့ မတင်ကြတာ။နောင်တော့ပေါ်လာပါလိမ့် မယ်။”ဆိုပြီး ပြောလိုက်တဲ့ ဒေသခံတယောက်ရဲ့ စကားပါပဲ။ 

ဆောင်းပါးလိုလို အက်ဆေးလိုလို ရေးထားတဲ့ ပြန်ဝန်ဟောင်းရဲ့ စာတပုဒ်လုံးမှာ အခြား အကြောင်းအရာတွေဟာ ဝေဝေဝါးဝါးနိုင်လှပြီး ဒီစကားတခုပဲ ဖိုးကပ်(focus) ပြတ်ပါတယ်။ ဦးရဲထွဋ်က သူ့စာကို အခုလို နိဂုံးကမ္ပတ် အဆုံးသတ်ပါတယ်။ 

“အိမ်အပြန်လမ်းမှာ အမေ့ကို သူချစ်တဲ့မြို့နဲ့ပတ်သက်ပြီး ဘာတွေပြောပြရမလဲလို့ စဉ်းစားရင်း “လူစိမ်းတွေ” ဆိုတဲ့ စကား ထပ်တလဲလဲ ကြားနေမိတယ်။ လူ့သဘောသဘာ၀အရ ကိုယ့်ထင်တာ မှန်နေရင် ပျော်တတ်၊ ကျေနပ်တတ်ပေမယ့် ဒီတစ်ခါတော့ ကျွန်တော် မပျော်ပါဘူး။"

သူ့စာ‌သာ ဆုံးသွားတယ်။ လူစိမ်းဆိုတဲ့ စကားလုံးကို အနက်အဓိပ္ပာယ် ရေးရေးလေးမျှ လှစ်ဟ ဖော်ပြမသွားပါဘူး။ “လူ့သဘောသဘာ၀အရ ကိုယ် ထင်တာ မှန်နေရင် ပျော်တတ်၊ ကျေနပ်တတ်ပေမဲ့ ဒီတစ်ခါတော့ ကျွန်တော် မပျော်ပါဘူး။"ဆိုတဲ့ သူ့စာသားလို စာဖတ်သူတွေသည်လည်း ကိုယ့်အထင်နဲ့ကိုယ် ပျော်မွေ့ ကျေနပ်နေကြမယ် ထင်ပါရဲ့။ 

သူ့စာတပုဒ်လုံးမှာ ဝင်္ကဝုတ္တိတွေနဲ့ ပြည့်နေပေမယ့် သူ့ဆန္ဒကို လှစ်ခနဲ မြင်တွေ့ခွင့်ရတာက သူ့ဖေ့ဘုတ်စာမျက်နှာအောက်က ကွန့်မန့်မှာပါ။ လူအတော်များများဟာ စာကိုသာဖတ်ပြီး ကွန်မန့်တွေကို ဖတ်လေ့မရှိတာကြောင့် သူ့သဘောထားကို တွေ့မြင်သူ နည်းပါလိမ့်မယ်။ သူ့ကွန့်မန့်မှာ လူတယောက်က “သက်သေနှင့်တကွ အပြည့်အစုံရေးစေလိုပါတယ်”လို့ မှတ်ချက်ပေး စကားအပေါ် သူ တုံ့ပြန်သွားတာက “သက်သေအထောက်အထားလိုချင်ရင် လွယ်ပါတယ်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ရှိတာပဲ။ ကော်မရှင်က ပေ့ခ်ျတစ်ခုဖွင့်ပြီး မီးရှို့တာနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေ တင်ပေးလို့ရတယ်၊ တင်တဲ့အတွက် အရေးယူမခံရဘူးလို့ ကတိပေးတယ်၊ ဗွီဒီယိုဖိုင်တွေက ပေါ်ထွက်လာတဲ့ အထောက်အထားများအရ စုံစမ်းစစ်ဆေးမယ်လို့ ကြေညာလိုက်ရင် ရပါတယ်”တဲ့။ 

ဒါဟာ ဓားပြမှုရဲ့ သက်သေတွေကို သူဝှက်ရဲ့ လက်ထဲ အပ်လိုက်ပါ၊ သူ ဖော်ထုတ်ပေးပါလိမ့်မယ်လို့ အယုံသွင်းစကား ဆိုတာပါပဲ။ မြန်မာနိုင်ငံက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆိုတာ စစ်တပ်ရဲ့ လက်ပါးစေအဖွဲ့တခုပါပဲ။ ဒီလို အဖွဲ့လက်ထဲ သက်သေ‌အပ်လိုက်တာနဲ့ အမှုက ပေါ်ပါ့မလား။ လက်ပံတောင်းတောင်အမှု၊  ဦးကိုနီ လုပ်ကြံခံရမှု၊ ဗစ်တိုရီးယားအမှုတွေမှာ လူ့အခွင့်အရေးကော်မတီရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်ရှိခဲ့လို့လဲ။ အတိတ်တွေက မဝေးသေးပါဘူး။ ပြန်လည်စောင်းငဲ့ကြည့်ရင် မြင်သာပါသေးတယ်။ ဦးရဲထွဋ်ရဲ့ ကွန့်မန့်အောက်မှာပဲ နောက်တဦး ရေးထားတာကလည်း စိတ်ဝင်စားစရာပါ။ KIA ဆိုတာကလည်း ရေစကြိုသားတွေအတွက်တော့ လူစိမ်းပါပဲတဲ့။ ဒါတွေဟာ အကြံတုံး ဉာဏ်တုံးဖြစ်နေတဲ့ စစ်ကောင်စီကို လှည့်ဖြားနည်း နှပ်ကြောင်းပေးနေကြတာလားလို့ သံသယဝင်စရာပါ။ လူ့အခွင့်အရေးကော်မရှင်ကနေ စုံစမ်းတွေ့ရှိမှုတွေ ချပြတယ်ဆိုပြီး လီဆယ်လုပ်ကြံထားတဲ့ သက်သေတွေနဲ့ ပြည်သူကို ထပ်လှည့်စားတာမျိုး ဖြစ်မလာဘူးလို့ ဘယ်သူကမှ အာမ မခံနိုင်ပါဘူး။ 

ပကတိကို ပိတ်ဆို့စေတတ်တဲ့ အကြောင်းတရား နှစ်ပါးရှိပါတယ်။ ပါဠိလို မာယာနဲ့ သာဌေယျလို့ ခေါ်ပါတယ်။ သာဌေယျ ဆိုတာက မရှိတာကို အရှိလုပ်တာ၊ မာယာ ဆိုတာက ရှိတာကို မရှိလုပ်တာပါ။ ကိုယ့်မှာ တရားမရှိတာကို တရားရှိသလိုလို လုပ်တာ ပြောဆိုတာဟာ သာဌေယျ သဘောဖြစ်ပြီး မိမိမှာ မိမိအဖွဲ့အစည်းမှာ အပြစ်ရှိတာကို အပြစ်မရှိသယောင် ပြုတာက မာယာပါပဲ။

“လူစိမ်းတွေက မီးရှို့တယ်” ဆိုတဲ့ စကားလုံးလေးကို မိမိမှန်းဆမှု၊ ထင်မြင်မှုတွေနဲ့ ကျေနပ်ပြီး ဦးရဲထွဋ်ဟာ ငါတို့လူလို့ သတ်မှတ်မနေကြဘဲ ဦးရဲထွဋ် ရေးတဲ့စာဟာ မာယာစာလား ဆိုတာကို ပြန်လည်စေ့ငု သုံးသပ်ကြည့်ကြစေလိုကြောင်းပါ ခင်ဗျား။

စောအဲမွန် (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024