နယ်စပ်မြို့ ၃ မြို့တွင် ပတ်စ်ပို့ ထုတ်ပေးမည်
DVB
·
May 14, 2014
ပြီးခဲ့တဲ့ ၂၀၁၄ ဇန်န၀ါရီ လဆန်းကစ ပြည်ထဲရေးဝန်ကြီးဌာနဟာ သာမန်နိုင်ငံကူး လက်မှတ် ပြုလုပ်လိုသူတွေအတွက် ပြည်နယ်နဲ့ တိုင်း မြို့တော်တွေမှာ ပတ်စ်ပို့ရုံးတွေ ဖွင့်လှစ်ပေးခဲ့ပြီး အခု မေလ ပထမ အပတ်က စပြီး နယ်စပ်မြို့ ၃ မြို့မှာလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ တိုးချဲ့ဖွင့်လှစ်လိုက်တယ်လို့ ကြေညာပါတယ်။
ဖွင့်လှစ်လိုက်တဲ့ ရုံးတွေကတော့ ထိုင်း မြန်မာ နယ်စပ် မြ၀တီ၊ တာချီလိတ်နဲ့ ကော့သောင်းမြို့တွေ ဖြစ်ပါတယ်။
အဲဒီရုံးတွေမှာ သာမန်ပတ်စ်ပို့ လုပ်သူတွေကိုတင်မက ထိုင်းနိုင်ငံကို ရောက်နေတဲ့ ပြည်ဝင်ဗီဇာ သက်တမ်း ၄ နှစ်ပြည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပြည်ဝင်ဗီဇာ သက်တန်းတိုးဖို့ လွယ်ကူအောင် မြန်မာပတ်စ်ပို့ သက်တမ်းတိုးတာတွေ လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
လောလောဆယ် ရန်ကုန်မှာတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်ပြီးနောက်ပိုင်း သွားရောက် လုပ်ကိုင်နေကြသူတွေ အဆင်မပြေကြဘူးလို့ ကာယကံရှင် တချို့က ဒီဗွီဘီကို ပြောပြပါတယ်။