Home
မြန်မာသတင်း
ရန်ကုန်တွင် ခိုးဆိုးလုနှိုက်များ စောင့်ကြည့်ဖမ်းဆီးရန် လူငယ်အချို့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်
DVB
·
November 22, 2022

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ တနေ့ထက်တနေ့ ဆိုးရွားလာတဲ့ ခိုးဆိုးလုနှိုက် အန္တရာယ်ကို ကာကွယ်ဖို့  ခိုးဆိုးလုနှိုက်ရန် ကာကွယ်ရေးအဖွဲ့ Fight The Thieves (FTT) ကို လူငယ်တချို့က ဖွဲ့စည်းလုပ်ဆောင်နေပါတယ်။

ဒီအဖွဲ့ဝင်တွေအနေနဲ့ ရန်ကုန်မြို့တွင်းက လူသွားလူလာများတဲ့ ထင်ရှားတဲ့ နေရာတချို့မှာ စောင့်ကြည့်နေသလို YBS ကားတွေပေါ်မှာပါ လိုက်ပါစီးနင်း စောင့်ကြည့်နေတယ်လို့ FTT အဖွဲ့ဝင်တဦးက ပြောပါတယ်။

အောက်တိုဘာ ၁ ရက်က စတင်ဖွဲစည်းခဲ့ပြီး ခိုဆိုးလုနှိုက်ဖမ်းဆီးရေး မစ်ရှင် ၃ ခုကို ဈေးလေးမှတ်တိုင်၊ သာကေတ၊ YBS ‌လိုင်းကားပေါ်မှာ လုပ်ခဲ့ပေမဲ့ တရားခံကိုတော့ ဖမ်းမမိခဲ့ဘူးလို့ သူက ပြောပါတယ်။

ဒီအဖွဲ့ဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကျင့်သုံးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး လုယက်ခံရတဲ့အခါ  ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ နည်းလမ်းတွေကိုလည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပါတယ်။

FTT အဖွဲ့ဝင်တဦးက “မြို့လယ်ကောင်ကြီးမှာ ပြည်သူတွေ မလုံခြုံတော့တာတွေရယ်။ YBS ပေါ်တွေမှာ လုယက်မှု၊ ခါးပိုက်နှိုက်၊ ဓားထောက်လုတာတွေကို မကြည့်ရက်လို့ လုပ်ရတာ။ ဖမ်းမိသွားရင် သူတို့ နောက်တခါ မလုပ်နိုင်တဲ့အထိ ကျနော်တို့ ပြစ်ဒဏ်ပေးဖို့ သတ်မှတ်ထားပါတယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ မချိတ်ထားတဲ့အတွက် သာမန် ခိုးဆိုးလုနှိုက်မိပါက ပြစ်ဒဏ်ပေးတဲ့နေရာမှာ  ခေါင်းတုံး တုံးတာ၊ တက်တူးထိုးတာလုပ်ပြီး ပြန်လွှတ်ပေးမှာဖြစ်ပြီး ဓားထောက်လုသူ၊ ဓားပြတိုက်သူ မိပါက သက်ဆိုင်ရာကို အပ်မယ်လို့ ပြောပါတယ်။

လတ်တလော FTT အဖွဲ့ဝင် ၅၀ ကျော်ရှိပြီး လှည်းတန်း၊ သာကေတ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ အင်းစိန် စတဲ့မြို့နယ်တွေမှာ အဖွဲ့ဝင်အများစုရှိတယ်လို့ သိရပြီး သူတို့အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ မဟုတ်သလို PDF အဖွဲ့တွေနဲ့ မသက်ဆိုင်ဘူးလို့ အဲဒီ FTT အဖွဲ့ဝင်က ဆိုပါတယ်။

လုယက်ခံရပါက ကိုယ့်ကိုယ်ကိုယ် ဥပ‌ဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့် ဘယ်လိုရမလဲ၊ ဘာကိရိယာသုံးပြီး ခုခံလို့ရမလဲ ဆိုတာနဲ့ပတ်သက်လို့ ရန်ကုန်မြို့က အထက်တန်းရှေ့နေ တဦးက “မိမိကိုယ်ကိုယ် ပြန်လည်ခုခံပိုင်ခွင့်ဆိုတာက ကိုယ့်ဆီကပစ္စည်း ကိုယ်မခုခံလို့ သူယူသွားမယ်ဆိုရင် အချက်ပေါင်း မြောက်မြားစွာ လုပ်လို့မရဘူး။ ဓားပဲပါပါ၊ တုတ်ပဲပါပါ၊ ဝက်အူလှည့်ပဲဖြစ်ဖြစ် ကိုယ်သုံးတဲ့ဟာပေါ့။ သီးခြား မယူသွားဘဲနဲ့ အဲဒီဟာနဲ့ နှစ်ချက်ထက် မပိုတဲ့ ပြန်လည်ခုခံမှုနဲ့ ပြန်လည်ခုခံနိုင်တယ်။ ကိုယ်က တချက်ကောင်းလုပ်လို့ သူ သေသွားတယ်ဆိုရင် ကင်းလွတ်ခွင့်ရတယ်။ မိမိကိုယ်ကို ပြန်လည်ခုခံကာကွယ်ပိုင်ခွင့် ဆိုတဲ့ထဲမှာ အကျုံးဝင်တယ်” လို့ ပြောပါတယ်။

မိမိကိုယ်ကို ပြန်လည်ခုခံကာကွယ်ပိုင်ခွင့် ဆိုတဲ့နေရာမှာ ငါ့ကို ခါးပိုက်နှိုက်ရင် ထိုးသတ်မယ် ဆိုပြီး ငှက်ကြီးတောင်လို၊ ဓားမြှောင်လို လက်နက်ကို ယူသွားရင်တော့ ကြိုတင်ကြံစည်မှု မြောက်ပြီး သွားလာရင်း ကိုယ်သယ်ဆောင်ထားတဲ့ ပစ္စည်း၊ အရာဝတ္တု တခုခုနဲ့ ကာကွယ်လိုက်လို့ တဖက်က သေသွားပါက ကင်းလွတ်ခွင့် ရနိုင်တယ်လို့ အထက်တန်းရှေ့နေက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်ကနေ နိုဝင်ဘာ ၂၀ ရက်အထိ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ လှည်းတန်း၊ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း စတဲ့မြိုနယ်တွေမှာ ဓားပြတိုက်ခံရမှု ၁၁ မှု၊ ခါးပိုက်နှိုက်ခံရမှု ၄၂ မှု၊ ဆိုင်ကယ်နဲ့ လုယက်မှုနဲ့ ဓားထောက်လုယက်မှု ၃၄ မှုနဲ့ YBS ကားပေါ်မှာ အုပ်စုဖွဲ့လုယက်မှု ၄ မှုရှိခဲ့ပြီး စာရင်းမပေါ်တဲ့ ကျူးလွန်ခံရမှုတွေလည်း ရှိနေပါတယ်။

ခိုးဆိုးလုနှိုက်သူတွေဟာ YBS ကားဂိတ်၊ ခုံးကျော်တံတားနဲ့ လူစည်ကားရာနေရာတွေမှာ ရှိနေတတ်ပြီး လောင်းကစားဝိုင်းပုံစံ ဟန်ပြကစားပြကာ ဝင်ကစားသူတွေဆီက ဖုန်း၊ ပိုက်ဆံအိတ်တွေကို အုပ်စုဖွဲ့ လုယက်နေသလို ရဲတပ်ဖွဲ့ဝင်ဟန်ဆောင်ကာ ကျူးလွန်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  ပြည်သူတွေ စစ်ဘေးသင့်တာ၊ အလုပ်အကိုင် ရှားပါးလာတာ၊ ကုန်ဈေးနှုန်းကြီးလာတာနဲ့ စားဝတ်နေရေး ခက်ခဲလာတာတွေအပြင် ဓားပြတိုက်၊ ခါးပိုက်နှိုက်၊ ဓားထောက် လုယက်တာတွေနဲ့ပါ ရင်ဆို‌င်နေရပြီး လုံခြုံရေးတာဝန်ယူထားတဲ့  ရဲတပ်ဖွဲဝင်တွေကိုယ်တိုင် မထိန်းချုပ်နိုင် ဖြစ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024