Home
ဆောင်းပါး
မြန်မာ့အရေး လမ်းဆုံးရင် ရွာတွေ့မယ်
DVB
·
November 17, 2022

မြန်မာနိုင်ငံ ထိုင်ခုံလွတ်နေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့  အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတို့ကို   နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ အာဆီယံမထမ်းချင်ဘဲ ထမ်းထားရပြီး လေးသထက် လေးလံလာတဲ့ မြန်မာ့အရေးဟာ ဦးစားပေးအဆင့်တစ် ဖြစ်ခဲ့သလို အမေရိကန်၊ နယူးဇီလန်နဲ့ ကုလအတွင်းရေးမှူးချုပ်တို့ကလည်း ထီမထင်လုပ်နေတဲ့ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေကို ခပ်ပြတ်ပြတ် သတိပေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရတာကို မြင်ရဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်သလို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဖော်ဆောင်ဖို့ အာဆီယံနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သမ္မတဘိုင်ဒင်က အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့လည်း သတိပေးခဲ့ပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်ကလည်း အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အင်းစိန်ထောင်တွင်း သတ်ဖြတ် အလောင်းဖျောက်ခဲ့မှုအပေါ် ခပ်ပြတ်ပြတ် ဝေဖန်ခဲ့သလို မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဘုံသဘောထားနဲ့ ဘုံလုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဖနွမ်းပင်မြို့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ချက်ချင်းပြန်သွားဖို့ အကြမ်းဖက်စစ်အုပ်စုကို တောင်းဆိုခဲ့သလို စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေဟာ မြန်မာပြည်သူတွေအတွက် မဆုံးနိုင်တဲ့ အိပ်မက်ဆိုးကြီးပဲလို့လည်း ဆိုပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေ ခံစားနေရတာ သက်သာစေရေး မဆောင်ကြဥ်းပေးနိုင်ဘဲ ပျက်ကွက်နေတဲ့အထဲမှာ  ကုလသမဂ္ဂလည်း ပါဝင်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။

အခု နိုဝင်ဘာ ၁၀ ရက်က စတင်ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်  ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ရဲ့ အရင်းခံ မထူးခြားချက်က ၁၈ လဝန်းကျင်ကြာ အလုပ်မဖြစ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ဆုပ်ကိုင်သွားမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ဖြစ်ပြီး ထူးခြားချက်အနေနဲ့ မူ ၅ ရပ်ကို အချိန်ကန့်သတ်ချက်နဲ့ ဖော်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံသွားမယ် ဆိုတာကိုလည်း ထပ်ထုတ်ပြန်ထားပါတယ်။

တကယ်တော့ မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ဆိုတာ ဘုံသဘောတူညီချက် ၅ ရပ်ထဲက နံပါတ် ၅ အချက်မှာ ပါခဲ့ပြီးသားဖြစ်ပါတယ်။ သက်ဆိုင်သူအားလုံး ဆိုတာကို ခြုံပြီးပြောရရင် စစ်အုပ်စုအပြင် မြန်မာ့ဒီမိုကရေစီအင်အားစုပဲ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီအင်အားစုကို ထပ်အသေးစိတ်ရရင် နွေဦးတော်လှန်ရေးရဲ့ တပ်ဦးထိပ်က NUG၊ NUCC နဲ့ လူပုဂ္ဂိုလ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် တနှစ်လုံးမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက မြန်မာ့အရေးကို ဦးဆောင်လှုပ်ရှားခဲ့ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းတို့က စစ်အုပ်စုကို အထီးကျန်နွံထဲက ဆွဲထုတ်ဖို့ နည်းလမ်းစုံသုံး ကြိုးစားခြင်းနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။ ဒါ့အပြင် အာဏာရှင်ကို ဆန့်ကျင်တဲ့ မြန်မာ့ပြည်သူတွေအပေါ် စော်ကားပြောဆိုခဲ့ကာ အာဏာရှင်ချင်း ပြတ်ပြတ်သားသား ပင်းခဲ့ကြပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ပရက်ဆော့ခွန်း တို့ဟာ မင်းအောင်လှိုင်အလိုကျ အာဆီယံမူ ၅ ရပ်ကို ဖောက်ဖျက်ကာ တခြားသက်ဆိုင်သူတွေနဲ့ တွေ့ဆုံဖို့ ပျက်ကွက်ခဲ့ပါတယ်။

အခု နိုဝင်ဘာ ၁၃ ရက်နေ့ အာဆီယံ ထိပ်သီးအစည်းအဝေး အပြီးသတ်မှာ ဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်ပြီး ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် သမ္မတ ဂျိုကိုဝီဒိုဒိုက စတင် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေး ရပ်တည်ချက်ဟာ ကမ္ဘောဒီးယား စစ်အုပ်စုအလိုကျ တဖက်ပင်းမဟုတ်တာ သိပ်သေချာရုံတင်မက မြန်မာအကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကြောင်း မလေးရှား၊ စင်ကာပူနိုင်ငံတို့နဲ့အတူ ထင်ထင်ရှားရှား ပြသခဲ့တဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်ပါတယ်။

ဆိုတော့ နိုဝင်ဘာ ၁၁ ရက်နေ့ အာဆီယံ ထိပ်သီးအစည်းအဝေးက ထုတ်ပြန်လိုက်တဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၁၅ ချက်ထဲက “သက်ဆိုင်သူအားလုံးအနေနဲ့ အာဆီယံ သဘောတူညီချက်ငါးရပ်ကို လိုက်နာ အကောင်အထည်ဖော်ဖို့နဲ့ အာဆီယံအနေနဲ့ သက်ဆိုင်သူအားလုံးကို မကြာမီ ထိတွေ့ဆက်ဆံနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မယ်” ဆိုတာနဲ့ မူ ၅ ရပ်ကို အချိန်ကန့်သတ်ချက်နဲ့ ဖော်ဆောင်မယ်ဆိုတာ ဖြစ်နိုင်ခြေ မျှော်လင့်ချက် ကြီးနိုင်ပါတယ်။ ဒါပေမဲ့ အချိန်ကန့်သတ်ချက်ဆိုတာ သိပ်ကို ရှည်လျားလွန်းနေမယ် ဆိုရင်တော့ စစ်အုပ်စုအတွက် အချိန်ဆွဲပေးသလို ဖြစ်သွားပါမယ်။

ပြီးတော့ နိုဝင်ဘာ ၁၃ ရက်နေ့ ရုပ်သံအင်တာဗျူးထဲမှာ ဖိလစ်ပိုင်သမ္မတက မြန်မာမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် အာဆီယံအနေနဲ့ မြန်မာအတိုက်အခံတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့လိုကြောင်း သူ့အမြင်ကို ပြောခဲ့သလို ထိပ်သီးအစည်းအဝေးအတွင်း   မြန်မာကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ထုတ်ပယ်ဖို့ အဖွဲ့ဝင်နိုင်ငံတချို့က အဆိုပြုခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ မြန်မာနိုင်ငံရဲ့ သဘောထားမပါဘဲ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ရေး ဆုံးဖြတ်ချက်ဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား ညီညွတ်ရေးကို တောင်းဆိုထားတဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါ အချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့ ပြောကြောင်း The Phnom Penh Post သတင်းစာမှာ ရေးသားထားတယ်လို့ ဗွီအိုအေက ဖော်ပြပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၁၃ ရက်နေ့ အာဆီယံ ပိတ်ပွဲအခမ်းအနားမှာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဟွန်ဆန်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ စည်းလုံးညီညွတ်ဖို့ ဆိုတာကို ပြောကြားခဲ့ပါသေးတယ်။

အထက်ပါ သတင်းအချက်အလက်တွေကို ကြည့်လိုက်ရင် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေက မူ ၅ ရပ်အပေါ် ဗဟိုပြုကာ စစ်အုပ်စုကို ခပ်ပြတ်ပြတ်ဆက်ဆံဖို့ တာစူနေသလို အာဆီယံညီညွတ်ရေးကို အကြောင်းပြပြီး အာဆီယံရဲ့ မြန်မာ့အရေး ခြေလှမ်းတွေကို ရှေ့မရောက်အောင် ရသလောက်ဆွဲထားမယ့် ကမ္ဘောဒီးယားနဲ့ ထိုင်းတို့လို နိုင်ငံမျိုးလည်း ရှိနေပါတယ်။

အဲဒီလိုအခြေအနေမျိုးမှာ ၂၀၂၃ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားက မောင်းနှင်ခွင့်ရတာဟာ မြန်မာ့အရေး အာဆီယံရဲ့ တွန်းတွန်းတိုက်တိုက် ကစားကွက်တွေ မြင်ရဖို့ရှိပါတယ်။ ဒါပေမဲ့ အာဆီယံမူ ၅ ရပ်ကို စစ်အုပ်စု အဖက်လုပ် ဆက်ဆံမှသာ အထမြောက်နိုင်မှာပါ။

စစ်အုပ်စုရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ မြန်မာ့အရေး အာဆီယံကြေညာချက် ထွက်ပေါ်လာတဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာပင် အဲဒီကြေညာချက်ကို ပြတ်သားစွာပယ်ချကြောင်း စစ်အုပ်စုက မြန်မြန်ဆန်ဆန် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို ပယ်ချလိုက်ခြင်းဟာ နိုဝင်ဘာ ၁၁ ရက် အာဆီယံဆုံးဖြတ်ချက်ကို လိုက်မလုပ်နိုင်ဘူးလို့ ပြောလိုက်တဲ့သဘော ဖြစ်ပါတယ်။ ဆိုတော့ အာဆီယံဆုံးဖြတ်ချက်ဟာ ထွက်ထွက်ချင်းနေ့မှာပဲ စစ်အုပ်စုပယ်ချလိုက်လို့ တခြမ်းပျက်သွားပြီလို့ ဆိုရမလိုပါပဲ။

စစ်အုပ်စုဟာ အာဆီယံမူ ၅ ရပ်နဲ့ ဆန့်ကျက်ဘက် သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ၂၀၂၃ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးဆီ မျှော်လင့်ချက် မခိုင့်တခိုင်နဲ့ သွားနေပါတယ်။ အာဆီယံအနေနဲ့ ၂၀၂၃ ရွေးကောက်ပွဲအကြောင်း သဘောထားမပေးပေမဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ မြန်မာ့အရေး အာဆီယံကြေညာချက်ဟာ ၂၀၂၃ ရွေးကောက်ပွဲကို ပယ်ချလိုက်ခြင်းလို့ ကောက်ယူနိုင်ပါတယ်။

ဆိုတော့ အဲဒီလို ဘယ်လိုမှ ညှိနှိုင်းလို့မရနိုင်တဲ့ သဘောထား ၂ ရပ်ဟာ အခုအခါ မလှမ်းမကမ်းမှာ ရှိနေသေးလို့ ပြဿနာမရှိသေးပေမဲ့ လာမယ့်နှစ် မူ ၅ ရပ် အချိန်ကန့်သတ်ချက် ထွက်ပေါ်လာချိန်နဲ့ NUG၊ NUCC နဲ့ အာဆီယံ တွေ့ဆုံပြီဆိုတဲ့အချိန်မှာ  ထိပ်တိုက်တိုးမှုဟာ ရှောင်မရတိမ်းမရ မီးပွင့်ထွက်မယ့် အလားအလာ များပါတယ်။

အဲဒီအချိန်ရောက်ရင် အာဆီယံအသင်းကနေ မြန်မာကို ထုတ်စရာမလိုဘဲ စုံလုံးကန်းနေတဲ့ မင်းအောင်လှိုင်ကသာ အာဆီယံကနေ နုတ်ထွက်သွားနိုင်ပါတယ်။ အဲဒါကို နောက်တမျိုးပြောရရင် မြန်မာ့အရေး သံတမန်ရေးလမ်းဆုံး ရောက်သွားပြီဆိုတဲ့ သဘောပါပဲ။

မြန်မာ့အရေးကို သံတမန်ရေးအရသာ ဖြေရှင်းလိုတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လုံးဝ လမ်းဆုံးသွားမှာ စိုးရိမ်ပုံပါပဲ။ ဒါပေမဲ့ အခု လမ်းဆုံးကို စတင်လှမ်းနေပါပြီ။ အချက်အလက်သစ်တွေ ဖြည့်တင်းထားတဲ့ အာဆီယံမူ ၅ ရပ်ဟာ စတင် တာထွက်လာတယ် ဆိုရင်ပဲ စိန်ခေါ်သံတွေက ပြည့်နှက်နေပါတယ်။

မြန်မာစကားပုံထဲမှာတော့ လမ်းဆုံးရင် ရွာတွေ့မယ်လို့ ဆိုပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024