ထိုင်းအစိုးရပြုတ်ကျရေး ဆန္ဒပြသူများ သပိတ်စခန်းပြောင်းရွှေ့

ဘန်ကောက်မြို့ လုန်ပနီ ပန်းခြံမှာ လနဲ့ချီ သပိတ်စခန်းဖွင့်ပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြနေသူတွေဟာ ဒီနေ့ အစိုးရအိမ်တော်အနီးကို ပြောင်းရွှေ့ကြပါတယ်။ အစိုးရကို ပြုတ်ချသွားတဲ့အထိ ဆန္ဒပြသွားမယ်လို့ ဆိုကြပါတယ်။
အရင် ဒုဝန်ကြီးချုပ်ဟောင်း လက်ရှိ ဆန္ဒပြခေါင်းဆောင် ဆူသပ် သွန်ဆူဘန်က အစိုးရပြုတ်ကျရေး နောက်ဆုံးတိုက်ပွဲမှာ ပါဝင်ကြဖို့ သူ့ကို ထောက်ခံသူတွေကို မေ ၉ ရက်နေ့ကတည်းက ဆော်သြထားပါတယ်။
အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေက လက်ရှိ အိမ်စောင့်အစိုးရကို နုတ်ထွက်ပေးစေ ချင်ကြသလို၊ ဇူလိုင်လမှာ ကျင်းပဖို့ ကြေညာထားတဲ့ ရွေးကောက်ပွဲကိုလည်း နောက်ဆုတ်ဖို့ လိုလားနေကြပါတယ်၊
ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ သြဇာလွှမ်းမိုးမှုတွေကို အဆုံးသတ်နိုင်မယ့် ပြုပြင်ပြောင်းလဲရေးကို အရင်လုပ်ဖို့ လိုလားနေကြတာပါ၊
ဆန္ဒပြသမားတဦးက “မနက်ဖြန်က နောက်ဆုံးတိုက်ပွဲနေ့ပဲ။ ဒီအချိန်ကို စောင့်နေတာ ၆ လရှိပြီ” လို့ ပြောပါတယ်။
ဆန္ဒပြသမား နောက်တဦးကလည်း သူတို့ အနိုင်ရမယ်လို့ သေချာ ယုံကြည်ကြောင်း ပြောပါတယ်။
အကျပ်အတည်းဆိုက်နေတဲ့ လက်ရှိအိမ်စောင့်အစိုးရက ပြည်သူတွေကို အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ကင်းကင်းနေဖို့ သတိပေးထားပြီး လုံခြုံရေးကို မဖြစ်မနေ တင်းကျပ်သွားမယ်လို့ ပြောထားပါတယ်။
အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေက အာဏာအလွဲသုံးစားမှုနဲ့ နုတ်ထွက်သွားရတဲ့ ယင်းလပ်အစိုးရအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ၀န်ကြီးတွေ ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရရဲ့ တရားဝင်မှုကို မေးခွန်းထုတ်နေပြီး အထက်လွှတ်တော်၊ တရားရုံးတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့က ၀န်ကြီးချုပ်သစ်တယောက်ကို ခန့်အပ်ဖို့ တောင်းဆိုနေပါတယ်။