ခရိုင်မီယာတွင် ရုရှားအောင်ပွဲနေ့ ကျင်းပ၊ ရုရှားသမ္မတ ပူတင် တက်ရောက်

1K
ခရိုင်မီယာကို ရုရှားနိုင်ငံက ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း သမ္မတပူတင် ခရိုင်မီယာကို မေ ၉ ရက်နေ့က ပထမဆုံးရောက်ရှိလာခဲ့ပြီး စဗဗ်စတာဗိုမြိုမှာ ကျင်းပတဲ့ ရုရှားအောင်ပွဲနေ့ကို တက်ရောက်ခဲ့ပါတယ်။
မေလ ၉ ရက်နေ့ဟာ ဒုတိယကမ္ဘာစစ်အတွင်း ရုရှားတပ်နီတွေ နာဇီဂျာမနီကို အောင်ပွဲခံခဲ့တဲ့နေ့ဖြစ်ပြီး ခရိုင်မီယာ နာဇီဂျာမနီလက်အောက်က ပြန်လည်လွတ်မြောက်လာတဲ့ အနှစ် ၇၀ မြောက်နေ့လည်း ဖြစ်ပါတယ်။
ခရိုင်မီယာလူထု နဲ့ စစ်ပြန်တွေ သမတပူတင်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ရုရှားစစ်သင်္ဘောတွေနဲ့ ရုရှားစစ်လေယာဉ်တွေလည်း ရုရှားအောင်ပွဲနေ့ကို ဂုဏ်ပြုခဲ့ပါတယ်။ စဗဗ်စတာဗိုဆိပ်ကမ်းမှာ သမ္မတပူတင် မိန့်ခွန်းပြောကြားခဲ့တာမှာ ဒုတိယကမ္ဘာစစ်အတွင်း ရုရှားတပ်မတော်ရဲ့ စွမ်းဆောင်မှုတွေကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ခရိုင်မီယာ ရုရှားနိုင်ငံနဲ့ ပြန်လည်ပူးပေါင်းခဲ့မှုကိုလည်း ကြိုဆိုခဲ့ပါတယ်။
သမ္မတပူတင်က “ရုရှားနိုင်ငံ စည်းလုံးညီညွတ်ရေး၊ တရားမျှတရေးအတွက် ခရိုင်မီယာလူထုဟာ စံနမူနာပြ စွမ်းဆောင်ပြခဲ့ကြပြီး စဗဗ်စတာဗိုမြို့ မျိုးဆက်သစ်တွေလည်း ဒီစိတ်ဓာတ်တွေ၊ ဒီစံတန်ဖိုးတွေကို ဆက်လက်ထိန်းသိမ်းသွားကြမှာဖြစ်တယ်”လို့ မိန့်ခွန်းထဲမှာ တည့်သွင်း ပြောကြားခဲ့ပါတယ်။
စဗဗ်စတာဗို မြို့ကိုတည်ထောင်ခဲ့တဲ့ ၁၈ ရာစုက ရုရှားဘုရင်မကြီး Catherine the Great ကြီးမြတ်မှုကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။ ခရိုင်မီယာနဲ့ ရုရှားနိုင်ငံ ပြန်လည်ပူးပေါင်းခဲ့တဲ့ ၂၀၁၄ ခုနှစ်ဟာ စဗဗ်စတာဗိုမြို့အတွက်ရော၊ ရုရှားနိုင်ငံတနိုင်ငံလုံးအတွက်ပါ သမိုင်းဝင် နှစ်ထူးနှစ်မြတ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
သမ္မတပူတင် ခရိုင်မီယာမှာ သွားရောက်ပြီး အောင်ပွဲခံတာနဲ့ ပတ်သက်ပြီး ယူကရိန်းအစိုးရ နဲ့ အနောက်နိုင်ငံတွေကတော့ ဖြစ်ပွားနေဆဲ အရေးအခင်းကို ပိုဆိုးအောင် စွပေးနေတယ်လို့ ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ မေ ၉ ရက်နေ့ကလည်း ရုရှားအောင်ပွဲနေ့ကို မော်စကိုမြို့မှာ နှစ်ပေါင်းများစွာအတွင်း အကြီးကျယ်ဆုံးကျင်းပခဲ့ပါတယ်။
ဆိုဗီယက်ပြိုကျခဲ့ပြီး ၂၃ နှစ်အကြာမှာ ကမ္ဘာ့အင်အားကြီးတနိုင်ငံအဖြစ် ကမ္ဘာ့စင်မြင့်ပေါ် ပြန်လည်ရောက်ရှိလာအောင် စွမ်းဆောင်ခဲ့တဲ့ သမတပူတင်နဲ့ သူ့ရဲ့စွမ်းဆောင်မှု၊ ရုရှားနိုင်ငံရဲ့ စစ်ရေးအင်အားတောင့်တင်းမှုတို့ကို ပွဲထုတ်ပြသခဲ့ပါတယ်။
