Live
Home
ဆောင်းပါး
အာခိလိစ် ခြေဖနောင့်
DVB
·
November 8, 2022

ဒီနွေဦးတော်လှန်ရေးမှာ ပြည်သူတွေအနေနဲ့ ဆုံးရှုံးမှုတွေ များနေပြီဖြစ်သလို တခြားတဘက်က ကြည့်ရင်လည်း စစ်မိစ္ဆာတပ်မှာလည်း ကြီးကြီးမားမား ထိခိုက်နစ်နာနေပြီ၊ ဆုံးရှုံးမှု များနေပါပြီ။ ပထမဆုံးကတော့ အခြေခံအကျဆုံးအချက်ဖြစ်တဲ့ ပြည်သူ့ထောက်ခံမှုကို ဆုံးရှုံးခဲ့ရတာပါ။ နိုင်ငံကို အုပ်ချုပ်ချင်ပေမဲ့ အုပ်ချုပ်ခံပြည်သူတွေရဲ့ သဘောမတူ ဆန့်ကျင်ခံရတာကလည်း ဝဋ်ကြွေးတမျိုးလို့ ဆိုရမှာပါ။

နိုင်ငံတကာကို ကြည့်လိုက်ရင်လည်း တော်လှန်ရေးအင်အားစုတွေဘက်ကိုသာ ပြတ်ပြတ်သားသား မရပ်တည်ရဲတာ၊ စစ်မိစ္ဆာတပ်ကိုတော့ ဝတ်ကျေတန်းကျေ ဖယ်ကြဉ် ရှုတ်ချတာမျိုးတော့ လုပ်ရှာပါတယ်။ ဒါကလည်း စစ်မိစ္ဆာတပ်အတွက် ဆုံးရှုံးနစ်နာမှုပါ။ သေချာစိစစ်ကြည့်ရင်တော့ သူတို့ကို အားပေးကူညီနေကြတဲ့ နိုင်ငံဆိုလို့ ပုလင်းတူဘူးဆို့ တရုတ်နဲ့ ရုရှား အာဏာရှင်နိုင်ငံတွေပဲ ဖြစ်ပါတယ်။ မပြတ်မသား၊ အချိန်ဆွဲနေတဲ့ အာဆီယံလို အဖွဲ့ကတောင် သူတို့ကို တိတိလင်းလင်း ထောက်ခံတဲ့ အနေအထား မရှိသေးပါဘူး။ စီးပွားရေးဘက်မှာဆိုလည်း နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေကြောင့် ဒေါ်လာငွေရရှိဖို့ ဆိုတာကလည်း ခက်ခဲလာတာ တွေ့ရပါတယ်။ မကြာသေးခင်ကလည်း FATF လိုအဖွဲ့က အမည်ပျက်စာရင်းသွင်း အရေးယူခံရတဲ့အတွက် နိုင်ငံတကာက ငွေချေးဖို့တွေ၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်ကာ နည်းပါးလာတော့မယ်။ ဒေါ်လာငွေကြေးလည်း အရနည်းလာတဲ့အတွက် ပြည်သူတွေရဲ့ငွေကိုတောင် ပြောင်ပြောင်တင်းတင်း ဓားပြတိုက်လာတာပဲ မဟုတ်ပါလား။ စစ်ရေးကို ကြည့်လိုက်မယ်ဆိုရင်လည်း မြေပြင်က အခြေအနေ မကောင်းတော့တာကြောင့် နောက်ဆုံးနည်းလမ်းလို့ ဆိုရမယ့် လေကြောင်းကနေ ပစ်တာနဲ့ အဝေးကနေ လက်နက်ကြီးနဲ့ ထုတာတွေပဲ လုပ်နိုင်ပါတော့တယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးမှာ တွန်းလှန်ဆန့်ကျင်သူ ပြည်သူတွေတင် ထိခိုက်ဆုံးရှုံးနေရတာမဟုတ် အကြမ်းဖက်တဲ့ စစ်မိစ္ဆာတပ်မှာလည်း မရှုမလှ ထိခိုက်နစ်နာနေရပြီ ဖြစ်ပါတယ်။

သို့တိုင် အဲဒီ အကြမ်းဖက် စစ်မိစ္ဆာတပ်မှာ အရှိန်မြင့်တက်နေတဲ့ ဒီတော်လှန်ရေးကြီးကို ဖြိုခွင်းဖို့ (ဝါ) မအောင်မြင်အောင်လုပ်ဖို့ ထိရောက်တဲ့နည်းလမ်းတခု ရှိတုန်းပါပဲ။ ခေတ်အဆက်ဆက် သူတို့ အုပ်ချုပ်လာကတည်းကနေ ယနေ့အထိတိုင် သုံးစွဲလာခဲ့တဲ့ဟာလည်း ဖြစ်ပါတယ်။ ဘာလဲဆိုရင် တော်လှန်ရေးအင်အားစုတွေကို မညီညွတ်အောင် သပ်လျှိုသွေးခွဲတဲ့ နည်းပရိယာယ်ပဲ ဖြစ်ပါတယ်။ တိုင်းပြည်ကို အခုလို မတရားအုပ်ချုပ်ခဲ့တဲ့အခါတိုင်း တတိုင်းပြည်လုံးက သူတို့ကို ဆန့်ကျင်ကြမယ် ဆိုတာ သူတို့ စစ်အာဏာသိမ်း အတွေ့အကြုံတွေအရ သိပြီးသားဖြစ်ပါတယ်။ အဲဒီလို ဆန့်ကျင်မှုတွေကို အားနည်းသွားအောင် ရုပ်ပိုင်းဆိုင်ရာအရ ပစ်ခတ်သတ်ဖြတ် တိုက်ခိုက် ဖြိုခွဲပစ်သလို စိတ်ပိုင်း (ဝါ) အတွေးအခေါ်ပိုင်းအရ ဖြိုခွဲခဲ့ကြပါတယ်။ အဲဒီလို စိတ်ပိုင်းဆိုင်ရာအရ လုပ်တဲ့အထဲမှာ ပုံစံအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးအောက်ကနေ သပ်လျှိုသွေးခွဲတဲ့နည်းဟာ အထိရောက်ဆုံး ဖြစ်ခဲ့ပါတယ်။

ဗမာလူမျိုးအချင်းချင်းတောင်မှ ဒီမိုကရေစီထောက်ခံသူ၊ မထောက်ခံသူဆိုပြီး ခွဲ​ခြားခဲ့တယ်။ ဗမာဖြစ်ရင်တောင်မှ NLD ထောက်ခံရင် သူတို့ထုံးစံအတိုင်း ပြည်ပအားကိုး ပုဆိန်ရိုး၊ မြန်မာပြည်ကို ရောင်းစားမယ့်သူတွေသဖွယ် ပြောဆိုပုံဖျက်ကြပါတယ်၊ တိုက်ခိုက်ကြတယ်။ နောက်တခုက ဘာသာရေးပါ။ ပြည်သူတွေကို သတ်လို့ သွေးစွန်းနေတဲ့ သူတို့လက်တွေနဲ့ ဘာသာရေးကို အကြောင်းပြကာ အဓိကရုဏ်းတွေ ဖန်တီးကြတယ်။ ဗုဒ္ဓဘာသာဝင်ဦးရေ ရာခိုင်နှုန်း ၈၀ ကျော် ၉၀ နီးပါး နေထိုင်ကြတဲ့ မြမာပြည်မှာ ၄ ရာခိုင်နှုန်းကျော်သာရှိတဲ့  အစ္စလာမ်ဘာသာကပဲ တနိုင်ငံလုံးကို လွှမ်းမိုးတော့မလိုလို လိမ်ဆင်တွေလွှင့်ပြီး ဘာသာရေးအရ အပုပ်ချ သွေးခွဲခဲ့ကြတယ်။ ဒီလို ဘာသာရေးအရ သွေးခွဲရာမှာ မရိုးသားတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကလည်း အဓိကထောက်တိုင်တခု ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မတရားနဲ့ ဆန့်ကျင်တဲ့ သူတို့အဟောအပြောတွေကြောင့် ဗုဒ္ဓဘာသာဝင်တချို့ ဘာသာခြားတွေအပေါ် အထင်အမြင်လွဲကာ နဝေတိမ်တောင် ဖြစ်ခဲ့ကြရတယ်။

နောက်ထပ် သွေးခွဲမှုတမျိုးကတော့ လူမျိုးရေးသွေးခွဲမှုပဲ ​​ဖြ​စ်ပါတယ်။ စစ်မိစ္ဆာတို့ ဖခင်ကြီး ဗိုလ်နေဝင်း လက်ထက်ကတည်းက မွှေးခဲ့တဲ့မီးတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ လူမျိုးရေးမီးကို သူ့တပည့် စစ်မိစ္ဆာတွေအဆက်ဆက် မငြိမ်းအောင်၊ ပိုပြီးတောက်လောင်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဗိုလ်နေဝင်းလက်ထက်မှာ တရုတ်-ဗမာအရေးအခင်းတွေ ဖြစ်ခဲ့သလို သူ့တပည့်သားမြေးတွေ လက်ထက်မှာလည်း မိတ္ထီလာအရေးအခင်းလို​ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လူမျိုးရေးလို့ ဆိုတဲ့နေရာမှာ အဲဒီလို တရုတ်၊ မွတ်စလင်လူမျိုး အရေးအခင်းအပြင် တပြည်ထောင်ထဲမှာ နေထိုင်လာကြတဲ့ လူမျိုးစုတိုင်းရင်းသားတွေ အရေးလည်း ပါဝင်လာပါတယ်။ အဲဒီ တိုင်းရင်းသားတွေနဲ့ပတ်သက်ရင် စစ်မိစ္ဆာတွေဟာ ဗမာလူမျိုးတွေ အပြည့်အဝ နားလည်ခွင့်ရအောင် တမင်လုပ်မပေးခဲ့သလို တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးမှု နိမ့်ကျနေသည့်တိုင် အပေါ်ယံလုပ်ဆောင်မှုတွေနဲ့သာ ပြီးခဲ့ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမှုအတွက် ရိုးသားစစ်မှန်စွာ တိုက်ပွဲဝင်ကြတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကိုလည်း ပြည်ထောင်စုကြီးကနေ ခွဲထွက်အောင် လုပ်နေကြတဲ့ သူပုန်တွေအဖြစ် သွေးခွဲခဲ့ကြပါတယ်။ အဲဒီလက်နက်ကိုင်အဖွဲ့တွေထဲက အချို့ကို လက်နက်နဲ့ ငြိမ်းချမ်းရေး လဲတယ်ဆိုကာ စီးပွားရေးလုပ်ကွက်တွေပေးပြီး အပျော့နည်းနဲ့ သွေးခွဲထုတ်ခဲ့သလို တခါတရံ ဘာသာရေးနဲ့လည်း အားကောင်းတဲ့အဖွဲ့တွေ ကွဲသွားအောင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ တကွဲတပြား ဖြစ်ပြီဆိုရင် တော်လှန်ရေးရဲ့ အမာခံအဖွဲ့အစည်းကို အကြီးအကျယ် ထိုးစစ်ဆင်ကာ အင်အားချည့်နဲ့အောင် လုပ်ပါတယ်။ အဲဒီလိုနည်းတွေသုံးကာ စစ်မိစ္ဆာတပ်ဟာ သမိုင်းအဆက်ဆက် အမျိုးမျိုး သွေးခွဲခဲ့ပါတယ်။ ဒီလိုနဲ့ ခေတ်အဆက်ဆက် အရေးတော်ပုံတိုင်းကို ဖြိုခွဲခဲ့တာပဲ ဖြစ်ပါတယ်။

မကြာခင် ရက်သတ္တပတ်က အနန့်ပါ အစုလိုက်အပြုံလိုက် လူသတ်ခံရမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး နွေဦးတော်လှန်ရေးအင်အားစု အသီးသီးက ကချင်လူထုနဲ့အတူ KIA, KIO နဲ့အတူ တသားတည်း ရပ်တည်ကြောင်း၊ စစ်အာဏာရှင်စနစ်ကို အတူတကွ လက်တွဲညီညီ တိုက်ဖျက်ကြဖို့ သဘောထား အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီလို ထုတ်ပြန်တဲ့အဖွဲ့ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ KNU, KNPP, CJDC, TNLA, AA, MNDAA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်ကြောင်း သိရပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုလဲတဲ့နေရာမှာ ခွန်အားဖြစ်စေတဲ့ ခြေလှမ်းတရပ်ပဲ ​ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်အာဏာရှင်တွေ ခေတ်အဆက်ဆက် ထောင်ချောက်ဆင်ခဲ့တဲ့ သွေးခွဲမှုထောင်ချောက်ကို သူတို့တ‌တွေ ကျော်လွှားပြလိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေဘက်က ထိခိုက်ဆုံးရှုံးမှုတွေ များလှပါပြီ။ ဒီလိုပဲ စစ်မိစ္ဆာဘက်မှာလည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရပါပြီ။ သို့တိုင် ရန်သူက အပြီးတိုင် မပြိုလဲသေးပါဘူး။ ဘာလို့လဲဆိုရင် အဓိကက သူတို့မှာ သွေးခွဲရေး၊ လေကြောင်းဆိုတဲ့ အဓိကကျတဲ့ ဗျူဟာတွေ ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ ဒါ​ကြောင့် ယိုင်နဲ့လာပြီဖြစ်တဲ့ စစ်မိစ္ဆာတပ်ကို အပြီးတိုင် ဖြိုချချင်ရင် ကိုယ့်ဘက်ညီညွတ်ရေးကို ပိုပြီး ကျစ်လျစ်အောင် တည်ဆောက်ကြဖို့၊ ညီညွတ်ရေး မပြိုကွဲကြဖို့ အထူးအရေးကြီးပါတယ်။ ညီညွတ်ရေး တည်ဆောက်ရာမှာ ပြည်သူတွေရဲ့မျက်နှာကို မူကြဖို့လိုပါတယ်။ အကြောင်းကတော့ တော်လှန်ရေးအင်အားစုတွေအကြား ခိုင်မာကျစ်လစ်တဲ့ ညီညွတ်ရေးဟာ စစ်မိစ္ဆာတပ်အတွက်တော့ အာခိလိစ်ရဲ့ ခြေဖနောင့်ဖြစ်လို့ပါပဲ။

တင်ဦး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024