အာဖရိက အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အာဖရိကန်အဆိုတော် ဖလ်လီအီပူပါရဲ့ အောက်တိုဘာ ၂၉ ရက် ဖျော်ဖြေပွဲမှာ လူတွေတိုးကြိတ် နင်းမိပြီး အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့လို့ ပြည်ထဲရေးဌာနက ပြောပါတယ်။
မြို့တော်ကင်ရှာဆာရှိ လူ ၈၀,၀၀၀ ဆန့်တဲ့ အာဇာနည် အားကစားကွင်းကြီးထဲမှာ လူသိများထင်ရှားတဲ့ အာဖရိကန် အဆိုတော် ဖလ်လီအီပူပါရဲ့ ဖျော်ဖြေပွဲကို ပရိတ်သတ်တွေ အများလာရောက် ကြည့်ရှုခဲ့ရာက လူတွေပိတ်မိတိုးမိပြီး ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။
ပြည်ထဲရေး ဝန်ကြီး ဒန်နီရယ်လ် အဆီလိုအိုကီတိုကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူတွေကို ပြစ်တင်လိုက်ပြီး လူ ၈၀၀၀၀ ဆန့်တဲ့ အားကစားရုံမှာ သူ့ခံနိုင်စွမ်းထက် ၁၀၀ ရာခိုင်နှုန်းထက် ကျော်လွန်သွားခဲ့ကြောင်းနဲ့ လူတွေတိုးမိပြီး ရဲတပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် ၁၁ ယောက် သေဆုံးသွားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
လူ့အသက်တွေ ဆုံးရှုံးခဲ့ရမှုအတွက် ပွဲစီစဉ်သူဟာ အပြစ်ပေးခံရမယ်လို့လည်း ပြောကြားလိုက်ပါတယ်။
ကင်ရှာဆာမြို့သား အဆိုတော် အီပူပါရဲ့ ဖျော်ဖြေပွဲမတိုင်ခင် အားကစားကွင်းအပြင်ဘက် လမ်းတွေပေါ်မှာ စုဝေးနေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။