လျှပ်စစ်ကဏ္ဍ ဗြိတိန်အစိုးရ အမေရိကန်ဒေါ်လာ ၁ သန်း ၇ သိန်း ကူညီမည်
DVB
·
May 6, 2014
မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်စတာလင် ၁ သန်းနဲ့ ညီမျှတဲ့ ဒေါ်လာ ၁ သန်း ၇ သိန်း အကူအညီပေးမယ်လို့ ရန်ကုန် ဗြိတိသျှသံရုံးက သတင်း ထုတ်ပြန်ပါတယ်။
လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်လို့ အစိုးရ ဦးဆောင်ပြီး အကောင်အထည် ဖော်နေတဲ့ အနေအထားကနေ တဖြည်းဖြည်းနဲ့ ပုဂ္ဂလိကပိုင်းကို လွှဲပြောင်းသွားမယ်အပေါ် ဗြိတိန်အစိုးရက နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လူဦးရေ ၂၆ ရာခိုင်နှုန်းလောက်ပဲ လျှပ်စစ်ဓာတ်အား သုံးစွဲ နိုင်တဲ့အတွက် ဒီကဏ္ဍမှာ အများကြီး အကူအညီ လိုနေလို့ ဗြိတိန်က ကူညီရတာလို့ ဆိုပါတယ်။
လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှသာ ပြည်သူတွေရဲ့ နေထိုင်မှု တိုးတက်လာမှာ ဖြစ်သလို၊ နိုင်ငံလည်း ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း တိုးတက်ရရှိလာကြမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။