Home
ဆောင်းပါး
အသေခံမလား၊ အနိုင်တိုက်မလား
DVB
·
October 26, 2022

ကိုစိန်ဝင်း ရန်ကုန်ရောက်လာတာ နှစ် ၂၀ ကျော် ကြာခဲ့ပြီ။ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်ထဲကို သူငယ်ချင်းတယောက်ရဲ့ အဆက်အသွယ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်တယ်။ ပညာအရည်အချင်းက ၁၀ တန်းမအောင်ဘူးဆိုတော့ စက်ရုံအလုပ်သမားဘဝ။ ဘာပဲဖြစ်ဖြစ် သူတို့ရပ်ရွာမှာ အလုပ်အကိုင် ရှိတချက်၊ မရှိတချက်ထက်စာရင် စက်ရုံလုပ်သားဘဝဆိုတာ သူ့အတွက် ကံကောင်းလို့ရတာလို့ ထင်ခဲ့တယ်။

ကိုစိန်ဝင်းက ရိုးသား ကြိုးစားပြီး ပိပိပြားပြားနဲ့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်သူဆိုတော့ တောက်တိုမယ်ရ အလုပ်ကြမ်းလုပ်ရတဲ့ဘဝကနေ အဆင့်ဆင့် ရာထူးတွေ ဘာတွေ ရလာတယ်။ လုပ်ငန်းကျွမ်းကျင်မှုအရ ၁၀ တန်းမအောင်တဲ့သူ ရဖို့ရာ မဖြစ်နိုင်တဲ့ Supervisor ဆိုတဲ့ လုပ်ငန်းကြီးကြပ်ရေးမှူးရာထူးအထိ ရခဲ့တာဆိုတော့ မြောက်ကြွားကြွား ဖြစ်တဲ့အထိ သူ့ကိုယ်သူ ကျေနပ်ခဲ့တယ်။

ဒါပေမဲ့ လစာကတော့ စက်ရုံတွေရဲ့ ထုံးစံအတိုင်း သိပ်မများလှပါဘူး။ ဘာပဲဖြစ်ဖြစ် အလုပ်သမားဘဝ လစာနဲ့ယှဉ်ရင် ၃ ဆလောက်လည်းများ၊ စက်ရုံက နေစရာလည်းပေး၊ ကိုယ့်ဘာသာ ဖြစ်သလို ချက်စားတတ်တာနဲ့ တကိုယ်တော် လူပျိုကြီးဘဝမို့ ရွာကအမေ့ကို လစဉ်ကန်တော့နိုင်တာအပြင် နည်းနည်းပါးပါးတော့လည်း စုဆောင်းနိုင်ခဲ့တယ်။

ခိုင်းရင်ခိုင်းသလို မခိုမကပ်လုပ်တယ်။ ကိုယ်နဲ့မဆိုင်တဲ့အလုပ်လည်း တွက်ကပ်မနေဘဲ လုပ်ပေးတယ်။ စက်ရုံက ပေးသမျှ နည်းတယ်၊ များတယ်လည်း ဘာဆိုဘာမှ မပြောသူဆိုတော့ စက်ရုံပိုင်ရှင်နဲ့ အကြီးတန်းအရာရှိတွေက ခိုင်းကောင်းလို့ အားမနာတမ်းခိုင်းသလို အသိအမှတ်လည်း ပြုကြတယ်။

သူက ၁၀ တန်းမအောင်တဲ့ ပညာအရည်အချင်းအရ တခြားစက်ရုံပြောင်းရင် အောက်ခြေအလုပ်သမားဘဝကနေ ပြန်စရမယ့်အနေအထား။ အခုလို Supervisor ဖြစ်လာဖို့ဆိုတာ အလုပ်သမားဘဝနဲ့ ၁၀ နှစ်လောက် ကောင်းကောင်းရုန်းတာတောင် ရချင်မှရမှာမို့ သူ့ဘဝသူ အမြဲတမ်း သတိထားနေရတယ်။

ဒါ့ကြောင့် တခြားလူတွေသာ စက်ရုံပြောင်းရင်ပြောင်းမယ်။ သူကတော့ မပြောင်း။ ဘယ်တော့မှလည်း ပြောင်းဖို့ရာ ဆန္ဒမရှိ။ သေရင်တောင် နတ်စိမ်းအဖြစ်နဲ့ စက်ရုံမှာ တာဝန်ဆက်ထမ်းမယ့်လူလို့ သူ့နောက်ကွယ်မှာ ပြောကြတဲ့အထိ သူက လုံးဝစတန်းဘိုင်။

စစ်အစိုးရလက်ထက် စက်ရုံတွေရဲ့ ထုံးစံအတိုင်း အလုပ်သမားတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ ခေါင်းပုံဖြတ်။ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်ဆိုတာလည်း မရှိသေးတော့ အချိန်ပိုကြေး အများကြီးပေးရမှာစိုးလို့ လစာကို နည်းနည်းပဲသတ်မှတ်ပြီး လစာထဲပေါင်းထည့်ပေးတဲ့ ဘာကြေး ညာကြေးတွေက များများ။ ဥပမာ- သူတို့စက်ရုံတွေမှာ ရက်မပျက်ကြေးဆိုတာ ရှိတယ်။ တလလုံး ခွင့်တရက်မှမယူတဲ့သူတွေကို ပေးတဲ့ငွေကြေးပါ။ သင်္ကြန်ပိတ်ရက် ကိုစိန်ဝင်း သူ့ရွာပြန်တဲ့ ဧပြီလကလွဲလို့ ကျန်တဲ့ ၁၁ လစလုံး ရက်မပျက်ကြေးမရတဲ့လ ဆိုလို့ မရှိ။ အဲဒီလို လုပ်ငန်းကြီးကြပ်ရေးမှူး ကိုစိန်ဝင်း ဆိုတော့လည်း စံပြလုပ်သား ကိုစိန်ဝင်းကို နမူနာယူကြလို့ စက်ရုံပိုင်ရှင်က အလုပ်သမားတွေရှေ့ ထုတ်ပြောတဲ့အထိ။ စက်ရုံပိုင်ရှင်က ကိုစိန်ဝင်းကိုသာ နမူနာယူခိုင်းတာ။ အပိုဆုကြေးပေးတာကျတော့ ကပ်ကပ်စီးစီး။ ပြောရရင် သူတို့စက်ရုံပိုင်ရှင်က မြန်မာနိုင်ငံသားပေမဲ့ ကိုယ့်မြန်မာချင်း အလုပ်သမားတွေအပေါ် စေတနာမရှိတဲ့အထဲ ထိပ်ဆုံးက။ စက်ရုံပိုင်ရှင်မိသားစုသာ ကျိကျိတက် ချမ်းသာသွားလိုက်တာ။ သူတို့အလုပ်သမား  အားလုံးနီးပါးကတော့ လုံးလည်ချာလည်တွေချည်း။

ဒါပေမဲ့ ကိုစိန်ဝင်းကတော့ တိုးတက်မှုရှိပါတယ်။ အညာသား ကပ်စေးက ခပ်နည်းနည်းနဲ့ ကျစ်ကျစ်ပါစုတတ်တာမို့ ရန်ကုန်ရောက်ပြီး ၁၅ နှစ်မပြည့်ခင်မှာ ရွာမှာ ယာပိုင်ရှင်ဖြစ်ခဲ့တယ်။ ဒါကလည်း ကိုစိန်ဝင်း ပို့သမျှငွေနဲ့ အိမ်ဆိုင်လေးထောင်၊ ငွေတိုးလေးချေးရင်း အိမ်ဆိုင်ကို တိုးချဲ့လာနိုင်တဲ့ သူ့အမေရဲ့ စွမ်းဆောင်နိုင်တာကြောင့်လည်း ပါတာပေါ့။

ကိုစိန်ဝင်းက အကြောင်းအမျိုးမျိုးကြောင့် ဒီစက်ရုံကနေ အလုပ်ထွက်ခဲ့ရင် ခြေမဲ့လက်မဲ့ဘဝနဲ့ နောက်စက်ရုံတရုံမှာ အလုပ်သမား ဆက်လုပ်ရမှာ ကြောက်တာလည်း ပါတာပေါ့။ လစဉ် ကိုစိန်ဝင်း ပို့သမျှငွေက တိုးလာတဲ့ အရင်းအနှီးတွေချည်းမို့ ယာ ၁၀ ဧကပိုင်နဲ့ သူတို့ရွာကြီးမှာ အလတ်စားမက အိမ်ဆိုင်ပိုင်ခဲ့တာပေါ့။

ကိုစိန်ဝင်း စိတ်ထဲမှာသိတာ စက်ရုံကခိုင်းသမျှ အားထည့်လုပ်မယ်။ ပေးသလောက် ယူမယ်၊ ဒါပဲ။ ဒါပေမဲ့ NLD အစိုးရလက်ထက် အလုပ်သမားအခွင့်အရေး ဆိုတဲ့အသံ အကျယ်လောင်ဆုံး ကြားလာ။ စက်ရုံပိုင်ရှင်တွေက မတတ်သာတဲ့အဆုံး အလုပ်သမားအခွင့်အရေးတွေ ပေးလာရတာကို မြင်ရတော့ နိုင်ငံရေးအပြောင်းအလဲဆိုတာ သူတို့ သာမန်ပြည်သူတွေအပေါ် သက်ရောက်မှုရှိပါလား ဆိုတာကို သဘောပေါက်လာတယ်။

ကိုစိန်ဝင်းရဲ့ အပိုးလည်းကျိုး ခေါက်ရိုးလည်းကျိုးနေတဲ့ စိတ်ဓာတ်အရ သူတို့စက်ရုံရဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုတွေမှာ ကိုယ်ထိလက်ရောက်ပါဝင်သူ မဖြစ်ခဲ့ပေမဲ့ ထောက်ခံခဲ့သလို အဲဒီလို တောင်းဆိုမှုတွေနဲ့ အစိုးရသတ်မှတ်ချက်တွေအရ ကိုစိန်ဝင်းလည်း ဝင်ငွေတိုးခဲ့တယ်။

“ကျနော်တို့ စက်ရုံပိုင်ရှင်က အလုပ်သမားဆိုတာ ပေးတာယူ ကျွေးတာစားလို့ပဲ သတ်မှတ်ထားတဲ့သူတွေဆိုတော့ အလုပ်သမားတွေ တောင်းဆိုတာကို အံကြိတ်ပြီး ပေးခဲ့ရတာ။ စစ်အစိုးရလက်ထက်တုန်းက သူတို့လုပ်ချင်တိုင်းလုပ်ခဲ့ရပြီး NLD အစိုးရလက်ထက်မှာ လုပ်လို့မရတော့ NLD ကို စက်ရုံပိုင်ရှင်က လုံးဝပဲ။ ကျနော်တို့ အလုပ်သမားတွေကတော့ NLD ပဲ။ မဖြစ်နိုင်တာ လျှောက်တောင်းဆိုပြီး ရန်လုပ်နေတဲ့ အလုပ်သမားနည်းနည်းပဲ NLD ကိုလည်း မကြိုက်တာ” လို့ သူက ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ ကိုစိန်ဝင်း ဝင်ငွေအတန်အသင့်ကောင်းလာသလို ရွာက အမေ့အိမ်ဆိုင်လည်း ပိုကြီးလာခဲ့တယ်။ အလွန်ဆုံး နောက်ထပ် ၅ နှစ်လောက် ရန်ကုန်မှာ အလုပ်ဆက်လုပ်ပြီးရင်တော့ ရွာပြန်အခြေချတော့မယ်လို့ ကိုစိန်ဝင်း ပိုင်းဖြတ်ခဲ့တယ်။ သူတို့ဘဝ ဖွံ့ဖြိုးရေးအတွက် NLD ကို ဆက်လက်မဲပေးခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပြတ်ပြတ်သားသားနိုင်တော့ ကိုစိန်ဝင်းတို့ စက်ရုံလုပ်သားတွေ လက်သီးလက်မောင်း တန်းခဲ့တယ်။

တခြားပြည်သူတွေလိုပဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းတော့ ကိုစိန်ဝင်းလည်း ဘာလုပ်ရမယ်မသိ အငိုက်မိခဲ့တယ်။ အာဏာသိမ်းပြီးနောက် သူတို့စက်ရုံပိုင်ရှင် ရင်တွေ ဘာတွေ ကော့လာသလို ကိုစိန်ဝင်းတို့ အလုပ်သမားတွေလည်း လှိုင်သာယာသပိတ်တိုက်ပွဲမှာ ရဲရဲတောက် ပါခဲ့တယ်။

သပိတ်တိုက်ပွဲတွေ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် သူတို့စက်ရုံပိုင်ရှင်ရဲ့ မျက်နှာကြော ပိုတင်းလာတယ်။ အလုပ်သမားတွေကို မင်းတို့ ဘာတတ်နိုင်သေးလဲဆိုတဲ့ အချိုးမျိုးနဲ့ တတိယလှိုင်း ကိုဗစ်အပြီးမှာ အကြောင်းအမျိုးမျိုးပြ လုပ်ခလစာတွေ လျှော့ချခဲ့တယ်။ မကျေနပ်ရင် မလုပ်နဲ့လို့ အလုပ်ရှင်က တည့်တည့်ပြောလာ၊ သူတို့အားလုံးက မကျေနပ်ပေမဲ့ ထမင်းငတ်မှာစိုးတော့ မျက်လွှာချခဲ့ရတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ သူတို့ လုပ်ခလစာဟာ မိသားစုရှိတဲ့သူ ငတ်တဲ့ဘဝ ရောက်ရှိ။ ၂၀၂၂ ဖေဖော်ဝါရီ၊ မီးမလာလို့ စက်ရုံလည်တချက် မလည်တချက်။ အလုပ်သမားတဝက်လောက်ကို ဖြုတ်လိုက်ပြီး ကျန်တဲ့သူကိုကျ လခစားဘဝကနေ နေ့စားဘဝ။ အလုပ်လိုအပ်နေသူ တယောက်ယောက် အလုပ်ရလည်း မနည်းဘူးဆိုတဲ့စိတ်နဲ့ အလုပ်ပြုတ်တဲ့အထဲ ကိုစိန်ဝင်း မပါပေမဲ့ အလုပ်ထွက်ကာ ရွာပြန်ခဲ့တယ်။

ကိုစိန်ဝင်း ရွာပြန်ရောက်တော့ သူ့ငယ်သူငယ်ချင်း ၅ ယောက် ရွာကနေ ပျောက်သွားခဲ့ပြီ။ စစ်တပ်က အာဏာသိမ်းလို့ သူ့ စက်မှုဇုန်လုပ်သားဘဝ ပျက်၊ သူတို့အလုပ်သမားများစွာ ဘဝပျက်ရတာ ဒီအာဏာရှင်တွေကြောင့်ဆိုတာ ကိုစိန်ဝင်း ကောင်းကောင်းသိတယ်။ ပြီးတော့ ဒီကောင်တွေ မပြုတ်မချင်း ပြည်သူအားလုံးရဲ့ဘဝတွေ ပျက်ကိန်းဆိုက်နေမယ်ဆိုတာလည်း ကောင်းကောင်းသိခဲ့လေတော့ သူ သေနတ်မကိုင်နိုင်ပေမဲ့ ထောက်ပို့ရဲဘော်အဖြစ်နဲ့ တနိုင်ဝင်ထမ်းလို့ကူ။

သူ ရွာပြန်ရောက်ပြီး ၂ လကျော်မှာပဲ ရွှေဘိုက သူတို့ရွာထဲ စစ်သားတွေ လက်နက်ကြီးနဲ့ပစ်ပြီး ဝင်လို့ ထွက်ပြေးရ။ ရွာထဲဝင်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေက တွေ့တဲ့အိမ် ဝင်လုယက်ကြတာဆိုတော့ ကိုစိန်ဝင်းတို့ အိမ်ဆိုင်ခပ်ကြီးကြီးက ဘယ်လွတ်ပါ့မလဲ။ ဘာတခုမှ မကျန်အောင် တစစီ။

“ပြေးနေရတဲ့ကာလမှာပဲ တခြားရွာမှာ အမေသေတယ်။ ရွာပြန်ရောက်တော့ ကိုယ့်ဆိုင်ကပစ္စည်းတွေ အကုန် ပြန်ရောင်းစားလို့မရအောင် လုပ်သွားတာ။ သူတို့လိုချင်တာ ယူရုံတင်မကဘူး၊ သူတို့ မယူတာပါ ဖျက်ဆီးသွားတာ။ အမေ့လက်ဝတ်လက်စားတွေ ကျန်တယ်။ အိမ်ကျန်တယ်။ ယာကျန်တယ်။ ငွေလေးဘာလေး ကျန်တယ်။ အကြွေးယူထားတဲ့ လူတွေကိုတော့ တော်လှန်ရေးပြီး အဆင်ပြေတဲ့အခါမှ ပြန်ဆပ်ပါလို့ ပြောလိုက်တယ်။ ကိုယ်က စားဖို့ရှိသေးတယ်။ မရှိတဲ့လူတွေ အများကြီး ဒုက္ခရောက်နေကြတာ” လို့ သူကဆိုတယ်။

ပြေးရင်းလွှားရင်း ယာစိုက်ရတာဆိုတော့ အရင်လို မဖြစ်ထွန်းဘူးဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် စားဖို့ရှိသေးတယ်လို့ ဖြေရ။ ရောင်းစရာမရှိတော့တဲ့ဆိုင်ကို အရင်းအနှီးထပ်စိုက်ပြီး ဖွင့်လို့ရပေမဲ့ နောက်တကြိမ် စစ်တပ် ထပ်ဝင်ရင် ထပ်ကုန်ဦးမှာမို့ ရပ်ထားလိုက်တော့တယ်။ အလုပ်မရှိတော့ ရွာထဲမှာ လတ်လျားလတ်လျား၊ ညစ်လာတော့ ရှက်ကီလေးကစ်လို့ ဒီခေတ်ကြီးကို နာနာကျင်ကျင် ငေးလိုက်နဲ့ နိုင်ငံရေးက သူ့အိမ်တံခါးတင်မက သူ့နှလုံးသားကိုပါ လာခေါက်နေပြီဆိုတော့ ရှက်မိတဲ့တရက်မှာ PDF ရဲဘော်အဖြစ် လုံးလုံးလျားလျားခံယူကာ သေနတ်ကိုင်လိုက်တယ်။

“စခတွေသတ်သမျှ လည်စင်းပြီး အသေခံမလား။ ရရာလက်နက်စွဲကိုင်ပြီး ဒီကောင်တွေကို အနိုင်တိုက်မလားလို့ ဒီခေတ်က ကျနော်တို့လူငယ်တွေကို မေးခွန်းထုတ်လိုက်တဲ့အချိန်မှာ အနိုင်တိုက်မယ့်လမ်းကို ကျနော်တို့ ရွေးချယ်လိုက်တာ” လို့ PDF ရဲဘော် ကိုစိန်ဝင်းက ပြောပြတယ်။

“ကျနော်တို့ ဒေသက လူငယ်တွေအတွက် ရွေးစရာ ဒီတလမ်းပဲရှိတယ်။ ကျနော်တို့ နိုင်အောင်တိုက်မယ်” တဲ့။

တော်လှန်ရေးက ကိုစိန်ဝင်း ရင်ဘတ်တခုလုံးကို ခါယမ်းပစ်ခဲ့တယ်။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024