ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက်၊ ရဲစခန်းအောက်ဘက်ရှိ ပြည်နယ်စာရင်းစစ်ရုံးမှာ မီးလောင်မှုဖြစ်ပွားပြီး ရုံးအဆောက်အအုံတစ်ခုလုံး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၂၂ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ မီးစလောင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၃ ရက် မနက် ၂ နာရီလောက်မှ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ ရုံးအသုံးအဆောင်ပစ္စည်းတွေအားလုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စာရင်းချုပ်ရုံး မီးလောင်ပွားမှုနဲ့ပတ်သက်ပြီး ဟားခါးမြို့ကဒေသခံ တစ်ဦးက “အခု မီးလောင်တဲ့ရုံးက တိုက်အိမ်နှစ်ထပ်ပေါ့နော်၊ အဲဒီရုံးဘေးမှာဘဲ ဝန်ထမ်းအိမ်ရာရှိတာပေါ့။ အဲဒီဝန်ထမ်းအိမ်ရာကတော့ ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ အဲရုံးနှစ်ထပ်အိမ်ကတော့ ခေါင်မိုးထက်ထိ မီးလျှံနေတာပြီးတော့ သေနတ်သံ သုံးချက်လောက် ကြားရတယ်။ ရှို့မီးဖြစ်နိုင်ခြေများတယ်။ ဒေသခံတွေနဲ့ ရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာလည်းမရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး ဒေသခံတွေက ရှို့မီးဖြစ်နိုင်တယ်လို့ ပြောကြပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားတဲ့ တန်ဖိုးကိုလည်း မသိရသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင်းရှိ စုပေါင်းရုံးအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦး ၆ ခု မီးလောင်ဆုံးရှုံးထားသလို ချင်းပြည်နယ် တီးတိန်မြို့မှာလည်း လဝကရုံးအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦး ၄ လုံး မီးလောင်ကျွမ်းခဲ့ပါသေးတယ်။