Home
မြန်မာသတင်း
ကချင်ဒုက္ခသည်စခန်းက ခိုလှုံသူအချို့ ဖမ်းဆီးခံနေရ
DVB
·
May 5, 2014
ကချင်ပြည်နယ် မန်စီမြို့နယ် လဂါတ်ယန် ဒုက္ခသည်စခန်းက ဒုက္ခသည်တချို့ကို အစိုးရစစ်တပ်က ၀င်ရောက် ဖမ်းဆီးခဲ့တယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။ [caption id="attachment_56026" align="alignright" width="300"]လဂါတ်ယန် ဒုက္ခသည်စခန်း (ဓာတ်ပုံ - အောင်ကျော်ဇော) လဂါတ်ယန် ဒုက္ခသည်စခန်း (ဓာတ်ပုံ - အောင်ကျော်ဇော)[/caption]

ဧပြီ ၂၄ နဲ့ ၂၅ ရက်နေ့တွေက ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည် လူဦးရေစာရင်းကို တပ်မ ၈၈ လက်အောက်ခံ အစိုးရတပ်ရင်း က ကောက်ခံခဲ့ပြီး ထပ်မံ လာရောက်စစ်ဆေးရာမှာ စာရင်းထဲ မပါတဲ့ ခိုလှုံဖို့ ရောက်လာတဲ့ ဒုက္ခသည် ၁၄ ဦးကို မေ ၃ ရက်နေ့မှာ ဖမ်းဆီးသွား တယ်လို့ လဂါတ်ယန် ဒုက္ခသည်စခန်းရဲ့ တာဝန်ခံ ဦးလဆန်က ပြောပါတယ်။

ဖမ်းဆီးခံရသူ ၁၄ ဦးဟာ အမျိုးသားတွေ ဖြစ်ပြီး မေ ၄ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ဖမ်းဆီးခံရတဲ့အထဲက ၁ ဦးကိုတော့ စစ်ဆေးမေးမြန်းဖို့ ရှိတယ်လို့ ပြောဆိုပြီး ပြန်လည် ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့အချိန်ထိတော့ ဖမ်းဆီးခံထားရသူ ၁ ဦးကို လွှတ်ပေးခြင်း မရှိသေးသလို ဒုက္ခသည်စခန်းထဲကို အခုလို ၀င်ရောက် ဖမ်းဆီးနေတာတွေ ရှိနေတဲ့အတွက် ဒုက္ခသည်တွေက စိုးရိမ်ပူပန်နေတဲ့အကြောင်း ဦးလဆန်က အခုလို ပြောပါတယ်။

“ဒီမှာက လုံခြုံမှုလည်းမရှိဘူး၊ တပ်က ခဏခဏလာပြီး မေးမြန်းတာတွေ လုပ်တယ်။ စခန်းထဲမှာ သေနတ်တွေနဲ့ချိန်ပြီး လာရှာ၊ လာမွှေ ပုံစံလုပ်နေတော့ ဒီမှာက တအားစိုးရိမ်နေကြတယ်။ တပ်က အဲလိုလုပ်နေတော့ လုံခြုံမှုလည်း မရှိတောဘူး။ စခန်းထဲမှာက အားလုံး ဒုက္ခသည်ဆိုတော့ အခုလို လက်နက်အပြည့်အစုံနဲ့ စခန်းထဲမှာ ၀င်မေးမြန်းပြီး စစ်ဆေးတာတွေရှိနေတော့ ဒီကလူတွေ တအားစိတ်အားငယ်နေကြတယ်။”

အရင်ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားက ဒုက္ခသည်စခန်းတွေမှာ လာရောက် ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မတွေနဲ့ ဖမ်းဆီး ထောင်ချခံရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။

ဧပြီလအတွင်းမှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ အကြား ပြန်လည် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်က ဒေသခံ ရွာသားတွေဟာ စစ်ရှောင်စခန်းမှာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024