အာဖဂန်မြေပြိုမှု ဒေါ်လာ ၂ သန်း အစိုးရကူမည်

အာဖဂန်စစ်တပ်က ရဟတ်ယာဉ်တွေက ရေ၊ ရိက္ခာ၊ ဆေးဝါးနဲ့ ယာယီတဲတွေကို မေ ၄ ရက်နေ့မှာ စတင် ဖြန့်ဝေပေးနေပါတယ်။
အကူအညီပေးရေးအဖွဲ့တွေနဲ့ နယ်ခံ ကယ်ဆယ်ရေးအဖွဲ့တွေလည်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ အဲဒီဒေသဆီကို မေ ၄ ရက်နေ့က စတင်ရောက်ရှိနေကြပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ကိစ္စကို အာဏာပိုင်တွေက လက်လျှော့လိုက်ကြပါပြီ။ ဘာဒါရှန်ခရိုင်မှာ မေ ၂ ရက်နေ့က ဖြစ်ခဲ့တဲ့ မြေပြိုမှုအတွင်း သေဆုံးသူ ၅၀၀ ရှိမယ်လို့ ကုလသမဂ္ဂက မေ ၄ ရက်နေ့မှာ ဆိုပေမယ့် နယ်ခံအရာရှိတွေက ၂၇၀၀ လောက်အထိ ရှိမယ်လို့ ဆိုပါတယ်။
နောက်ဆုံးစာရင်းကို အတည်ပြုဖို့ ခက်ခဲနေဆဲ ဖြစ်သလို မီတာ ၅၀ လောက် အထိ နက်တဲ့ ရွှံ့နွံတွေနဲ့ အပျက်အစီးတွေအောက်ကနေ အလောင်းတွေကို ထုတ်ဖို့က မဖြစ်နိုင်ဘူးလို့ အရာရှိတွေက ပြောပါတယ်။
နောက်ထပ် မြေပြိုမှာကိုလည်း အာဏာပိုင်တွေက စိုးရိမ်ရတဲ့အတွက် အသက်ရှင် ကျန်ရစ်တဲ့ မိသားစု ၇၀၀နဲ့ လူဦးရေ ၄၀၀၀ ကို ဘေးကင်းတဲ့ နေရာကို ရွှေ့ပြောင်းပေးထား ဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့ နေတိုးစစ်မဟာမိတ်အဖွဲ့က အကူအညီပေးမယ်လို့ ကမ်းလှမ်းပေမယ့် အာဖဂန်အစိုးရက ကယ်ဆယ်ရေးအဖွဲ့တွေလောက်နဲ့ လုံလောက်တယ်လို့ ပြောထားပါတယ်။