Home
ဆောင်းပါး
ပြည်သူ့‌ရှေ့မှောက် ဒူး‌ထောက်‌တောင်းပန်သည့်ရုပ်တု ဖြစ်ရမည့် နိုင်ငံတော်သစ္စာဖောက် မင်းအောင်လှိုင်နှင့် လက်ပါး‌စေများ
DVB
·
October 17, 2022

ပြည်သူနဲ့ နိုင်ငံတော်ကို သစ္စာဖောက်သူတွေဆိုတာ အသက်ရှင်ရက်နဲ့ သေဆုံးသွားသူတွေ ဖြစ်ကြပါတယ်။ ဒီကနေ့ တိုင်းပြည်အာဏာ ၃ ရပ်ကို လက်နက်နဲ့လုယူပြီး နိုင်ငံကို အမြင့်ဆုံး ဖျက်ဆီးနေကြတဲ့ အကြမ်းဖက်စစ်တပ်ထဲက စစ်ဗိုလ်၊ စစ်သားတွေ၊ ရဲသားတွေ၊ အာဏာလုဖို့ ထောက်ခံဝိုင်းရံကြတဲ့ လူရှင်ရဟန်း ပါတီအဖွဲ့အစည်းတိုင်းဟာ နိုင်ငံတော်နဲ့ ပြည်သူအပေါ် သစ္စာဖောက်ကြသူတွေ ဖြစ်ကြပါတယ်။

ဘာကြောင့်လို့လဲဆို‌တော့ နေ့စဉ် သူတို့ရွတ်ဆိုရတဲ့ စစ်သည်တော်နဲ့ ရဲတပ်ဖွဲ့ဝင် သစ္စာ ၄ ချက် နှစ်ရပ်လုံးရဲ့ပထမဆုံး နံပါတ် ၁ သစ္စာဖြစ်တဲ့ —

၁။ ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။

ဆိုတဲ့ အရေးအကြီးဆုံးသစ္စာကို ဖောက်ဖျက်ပြီး နိုင်ငံသား မိဘပြည်သူတွေအပေါ် သစ္စာမစောင့်ဘဲ ကိုယ်ကျိုးစီးပွားအတွက် အာဏာရှင်အလိုကျ နိုင်ငံသူနိုင်ငံသားတွေ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ရာဇဝတ်မှုပေါင်း မရေမတွက်နိုင်အောင် ကျူးလွန်နေကြတာမဟုတ်လား။

ဒီနေရာမှာ ကြားဖြတ်လို့ တရုတ်ပြည်ရဲ့သမိုင်းမှာ နိုင်ငံနဲ့ပြည်သူအပေါ် သစ္စာဖောက်ဖျက်သူ၊ တိုင်းပြည်ကိုရောင်းစားသူ၊ အမှန်တရားကို မျက်ကွယ်ပြုပြီး ပြည်သူလူထုနဲ့ နိုင်ငံ့သူရဲကောင်းတွေအပေါ် ကောက်ကျစ်ယုတ်မာစွာ ဒုက္ခပေးခဲ့သူတွေကို ဘယ်လိုအပြစ်ပေးခဲ့ကြသလဲဆိုတာ ရေးပြချင်ပါတယ်။

ရှည်လျားလွန်းတဲ့ သမိုင်းကြောင်းနဲ့ ကြီးမားတဲ့ တရုတ်အင်ပါယာကြီးတွေ၊ ဧကရာဇ်မင်းဆက်တွေ အများအပြား ပေါ်ထွန်းခဲ့သလို ကောက်ကျစ်စဉ်းလဲပြီး ယုတ်မာကြတာမို့ တရုတ်ပြည်သူတွေရဲ့ အမုန်းနဲ့ ရာဇဝင်တင်ခဲ့တဲ့ တိုင်းပြည်သစ္စာဖောက်တွေ၊ နိုင်ငံကို ရောင်းစားခဲ့ကြသူတွေလည်း အများအပြား ထွက်ပေါ်ခဲ့ကြဖူးပါတယ်။

အခု ဒီဆောင်းပါးမှာတော့ ဆွန်မင်းဆက် (Song Dynasty) အေဒီ ၉၆၀ - ၁၂၇၉ အတွင်းက ဧကရာဇ် ဂေါင်ကျုံ (Gaozong) လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ပြည်သူမုန်းတဲ့ နိုင်ငံတော်သစ္စာဖောက် လူယုတ်မာ နန်းရင်းဝန်ကြီး ချင်ဟွေ့ (Qin Hui) နဲ့ စိတ်တူကိုယ်တူ သူ့ဇနီး ဝမ် (Lady Wang) တို့ ကျူးလွန်ခဲ့တဲ့ မကောင်းမှုနဲ့ အကျိုးဆက်အကြောင်းကို ရေးပြချင်ပါတယ်။

ဆွန်မင်းဆက်‌က ဧကရာဇ်ဂေါင်ကျုံ (Gaozong) လက်ထက်မှာ စစ်သူကြီး ယွဲ့ဖေး (Yue Fei) ဟာ မြောက်ပိုင်းက ကျူးကျော်လာသူ (Jin) တွေကို ရွပ်ရွပ်ချွံချွံ ခုခံခဲ့တဲ့အပြင် နိုင်ငံအပေါ် သစ္စာကြီးတာကြောင့် ပြည်သူလူထုကြားထဲတွင် စစ်သူကြီးရဲ့ အရှိန်အဝါနဲ့ အောင်မြင်‌ကျော်ကြားလာတာကို မနာလို မရှုစိမ့်နိုင်တဲ့ နန်းရင်းဝန်ကြီး ချင်ဟွေ့ (Qin Hui) ဟာ ဘုရင်ကိုကုန်းချောပြီး သူ့ဇနီး ဝမ် Lady Wang ရဲ့ ကလိမ်ဉာဏ်နဲ့ လိမ္မော်သီးခွံ‌တွေကြားထဲ ထည့်ထားတဲ့ သတ်မိန့်ကို တရားသူကြီးဆီ လျှို့ဝှက်စွာပို့ပြီး စစ်သူကြီး ယွဲ့ဖေးကို ကွပ်မျက်စေခဲ့ပါတယ်။

အဲ့ဒီနောက် အာဏာမက်တဲ့ နန်းရင်းဝန် ချင်ဟွေ့ဟာ နိုင်ငံရဲ့ရန်သူတွေထံ တိုင်းပြည်ကို ရောင်းစားခဲ့တာမို့ ဆွန်မင်းဆက် ပျက်သုဉ်းခဲ့ရပြီး တရုတ်ပြည်သူတွေဟာ တိုင်းတပါးလက်အောက် ကျရောက်သွားခဲ့ရတယ်။ နောင် ၂၁ နှစ်အကြာပြီးမှ အမှုမှန် ပေါ်လာတဲ့အခါ စစ်သူကြီး ယွဲ့ဖေးကို တခမ်းတနား သင်္ဂြိုဟ်သမှု ပြုခဲ့ကြပြီး ဂူဗိမာန်ရှေ့မှာ သူ့ကိုချောက်တွန်းခဲ့တဲ့ ချင်ဟွေ့၊ Lady Wang နဲ့ ကြံရာပါ ၃ ဦးကို ဒူးထောက်တောင်းပန် နေဟန် ရုပ်တုတွေ ထုလုပ်ထားခဲ့တယ်။

အဲ့ဒီရုပ်တုတွေကို ပထမက ကျောက်နဲ့ထုလုပ်ခဲ့ရာမှာ ဒေါသထွက်နေတဲ့ တရုတ်ပြည်သူတွေက ရိုက်ချိုးဖျက်ဆီးကြတာမို့ သံနဲ့ ပြန်သွန်းလုပ်ခဲ့ရတာကိုပဲ တံထွေးနဲ့ ဝိုင်းထွေးခဲ့ကြသေးတယ်လို့ ဆိုတယ်။ ဒီ‌လောက်နဲ့တင် စိတ်မပြေနိုင်သေးတာမို့ တရုတ်ပြည်သူတွေက ချင်ဟွေ့နဲ့ သူ့ဇနီး Lady Wang တို့ ပုံစံတူ အရုပ်နှစ်ခုကို ဂျုံမှုန့်နဲ့လုပ်ပြီး ပူးကပ်လို့ ကြော်စားခဲ့ကြပါသတဲ့။ နောင်နှစ်ပေါင်း အတော်ကြာတဲ့အခါမှ ပုံတူအရုပ်မလုပ်တော့ဘဲ ဂျုံမှုန့်ပျော့အသား နှစ်တောင့်ကို ပူးကပ်ပြီး ကြော်စားစရာကို အီကြာကွေးလို့ ခေါ်ကြပြီး တရုတ်လို အဓိပ္ပာယ်ကတော့ ဆီနှင့်ကြော်ထားတဲ့ မကောင်းဆိုးဝါးကောင်လို့ အနက်ရပါသတဲ့။

ကဲ အခု မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတာကို ပြန်ကြည့်ကြရအောင်။ ချင်ဟွေ့နဲ့ သူ့ဇနီး ဝမ်တို့လိုပဲ အာဏာမက်တဲ့ မင်းအောင်လှိုင်၊ သူ့ဇနီး ကြူကြူလှနဲ့ စစ်အခွင့်ထူးတအုပ်ဟာ နိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အငယ်ဆုံးသမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မနာလို မရှုစိမ့်ဖြစ်ပြီး အငြိုးအာဃာတ ကြီးလွန်းတာကြောင့် နည်းလမ်းမျိုးစုံနဲ့ အကောက်ကြံ ဒုက္ခပေးခဲ့ကြတာ ပြည်သူအားလုံး သိပြီးသားဖြစ်ပါတယ်။

ချင်ဟွေ့လိုပဲ အာဏာရူး မင်းအောင်လှိုင်နဲ့ လက်ပါးစေ စစ်ဗိုလ်ယုတ်တွေဟာ တရုတ်၊ ရုရှားနိုင်ငံတွေထံ မြန်မာနိုင်ငံကို ရောင်းစားခဲ့ကြတယ်။ တိုင်းပြည်ရဲ့ ဓနဥစ္စာ သယံဇာတတွေကို လုယက်ခိုးဝှက် ချမ်းသာအောင် လုပ်ခဲ့ကြတဲ့ နိုင်ငံတော်သစ္စာဖောက်တွေ ဖြစ်ကြတယ်။ ပြည်သူလူထုရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ဒုက္ခမျိုးစုံ ရောက်စေခဲ့ကြတယ်။ လူနေအိမ်ခြေတွေ၊ ကျေးရွာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေကို အမြောက်တွေနဲ့ထု၊ ဝေဟင်ကနေ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေကြဆဲ မဟုတ်လား။

နိုင်ငံရေးယုံကြည်ချက်နဲ့ မတရား အကျဉ်းချခံထားရတဲ့ ပြည်သူချစ်တဲ့ နိုင်ငံရေး လှုပ်ရှားတက်ကြွသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးကို မင်းအောင်လှိုင်နဲ့ လက်ပါးစေတွေက သက်ဆိုင်ရာ မိသားစုတွေကို အသိမပေးဘဲ ချင်ဟွေ့လို ကောက်ကျစ်ယုတ်မာစွာ ကြိုးပေးသတ်ဖြတ်ပြီး လူသတ်မှုကျူးလွန်ခဲ့ကြတာ အားလုံးသိပြီး ဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံသစ် ထူထောင်နိုင်တဲ့အခါ နွေဦးတော်လှန်ရေး တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည် ပြည်သူတွေအတွက် ရင်ပြင်နဲ့ ဂူဗိမာန်တွေ တည်ဆောက်ကြရမှာဖြစ်တယ်။

အဲ့ဒီ ရင်ပြင်ဗိမာန်ရှေ့မှာ တရုတ်ပြည်သူတွေမုန်းတဲ့ နန်းရင်းဝန် ချင်ဟွေ့တို့လိုပဲ အာဏာရူး ပြည်သတ်သမား မင်းအောင်လှိုင်နဲ့ ကြူကြူလှ အပါအဝင် ကြံရာပါ လက်ပါးစေတွေရဲ့ ဒူး‌ထောက်တောင်းပန်နေတဲ့ ပုံတူရုပ်တုတွေ ထားရှိသင့်တယ်။

ဒါကြောင့် အာဏာရူး မအလနဲ့တကွ သူရဲ့ခါးပိုက်ဆောင် ပြည်သူသတ်မိစ္ဆာ ကြည်း၊ ရေ၊ လေတပ်က အမိန့်ပေးတဲ့ စစ်ဗိုလ်ချုပ်တွေ၊ မတရားတဲ့အမိန့်ကို နာခံကြတဲ့ စစ်ဗိုလ်စစ်သား‌တွေ၊ လေယာဉ်မှူး ပိုင်းလော့ အရာရှိအားလုံး၊ အောက်တန်းစား ပညာတတ် နည်းပညာ အထောက်အကူပြု စစ်ဗိုလ်အင်ဂျင်နီယာ အားလုံးကို ပြည်သူ့ခုံရုံးကို မဖြစ်မနေ ဆွဲခေါ်ပြီး သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ထိုက်တန်တဲ့အပြစ်ဒဏ်ကို ချမှတ်ရုံသာမက ဒူးထောက်တောင်းပန်နေတဲ့ သူတို့ပုံတူရုပ်တုတွေကို နွေဦးတော်လှန်ရေးမှာ အသက်စွန့်ခဲ့ရတဲ့ အာဇာနည်တွေကို ဂုဏ်ပြုမယ့် ရင်ပြင်ဗိမာန်ရှေ့မှာ ထားရှိပြီး နောင်လာနောက်သားတွေ သိရှိအောင် သင်ခန်းစာအဖြစ် သမိုင်းကြောင်းတွေ ပြသထားဖို့ အကြံပြု ရေးသားလိုက်ပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024