ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အောက်တိုဘာ ၁၄ ရက် မနက် ၁ နာရီလောက်က စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်စစ်ပြီး ကျောင်းဆရာ တယောက်အပါအဝင် ဒေသခံ ၅ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဖမ်းဆီးခံလိုက်ရသူတွေကတော့ စစ်တွေမြို့၊ စက်ရုံစုကယ်ဆယ်ရေးရပ်ကွက်မှာ နေထိုင်တဲ့ ဦးအောင်သန်းဝင်း၊ ဦးသန်းကျော်လှိုင်၊ ဦးထွန်းဝင်းနိုင်၊ ဦးခင်မောင်ဇော်နဲ့ စစ်တွေမြို့နယ် ရွာသာယာကျေးရွာမှ ဦးမောင်ဆန်းဌေးတို့ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတယောက်ရဲ့ အစ်မဖြစ်သူက “ဧည့်စာရင်းစစ် ဖမ်းဆီးခံရတာက အဝေးကလာပြီး ဧည့်စာရင်းမတိုင်ဘဲ တည်းခိုနေတဲ့သူတွေကို ဖမ်းဆီးရတာ။ အခုက အိမ်သားတွေ၊ မိသားစုဝင်တွေ။ သူတို့အထဲမှာ ကျောင်းဆရာတဦးပါတယ်။ ကျန် ၄ ဦးက လက်သမားအလုပ်နဲ့ ကြုံရာကျပန်း လုပ်ကိုင်စားသောက်သူတွေဖြစ်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရသူတွေဟာ အသက် ၃ဝ ကျော်မှ ၄ဝ ဝန်းကျင်အတွင်းရှိပြီး အဲဒီအထဲမှာ အသက်ကြီး ကျောင်းဆရာတယောက်လည်း ပါဝင်ကာ အားလုံးမှာ ဒေသခံတွေဖြစ်ကြပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံလိုက်ရသူ ၅ ယောက်ကို ဘယ်နေရာ ခေါ်သွားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
မိသားစုဝင်တယောက်က “သူတို့ ၅ ဦးကို ဘယ်ကိုခေါ်သွားလဲ မသိရသေးဘူး။ အမှတ် ၁ ရဲစခန်းမှာလည်း မရှိဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုမေးလည်း မသိဘူးပြောတယ်။ သူတို့ကို ဘာအပြစ်ရှိလို့ ဖမ်းတာလဲ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက် ညပိုင်းကလည်း ဒေသခံပြည်သူ နှစ်ယောက်ကို ULA အဖွဲ့ဝင်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းသွားပါတယ်။