မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရနိုင်ငံ စာရင်းသွင်းရန် တင်ပြ

ဘာသာရေး လွတ်လပ်ခွင့်အတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖို့ အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို တင်သွင်းလိုက်ပါတယ်။ ဧပြီ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ်နဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖော်ပြထားပါတယ်။ USCIRFမြန်မာနိုင်ငံရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဟာ ဘာသာရေးလွတ်လပ်ခွင့်အပေါ် ဥပဒေအရ ပေးထားတဲ့ အကာအကွယ်တွေ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းမရှိစေဘဲ အထူးသဖြင့် ရိုဟင်ဂျာ မွတ်စလင်လူနည်းစုအပေါ် ပစ်မှတ်ထားပြီး မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု၊ လှုံ့ဆော်မှုနဲ့ ခွဲခြားဆက်ဆံမှုများ လျော့နည်းရေးအတွက် အနည်းအကျဉ်းသာ ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရဲက ကြားဖြတ်ဝင်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အစိုးရကလည်း ဘာသာရေး အကြမ်းဖက်မှုရဲ့ အခြေခံအကြောင်းရင်းကို ဖြေရှင်းဖို့ (သို့မဟုတ်) တာဝန်ရှိပုဂ္ဂိုလ်တွေကို အပြည့်အ၀ တာဝန်ယူစေဖို့ လုံလောက်တဲ့ အဆင့်တွေ လုပ်ကိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ရိုဟင်ဂျာနဲ့ ကမန်မွတ်စလင်လူနည်းစုတွေအပေါ် နိုင်ငံတော်မှ ပံ့ပိုးခွင့်ပြုထားတဲ့ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ပေါ်ပေါက်နေပြီး မကြားသေးခင်က ကချင်ပြည်နယ်မှာ တပ်မတော် တိုက်ခိုက်မှုကြောင့် တိုင်းရင်းသားလူနည်းစု ခရစ်ယာန်တွေဟာ ကြီးလေးတဲ့ မတော်မတရားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ စနစ်တကျရှိပြီး လွန်ကဲတဲ့ အဲဒီလို ဆက်လက်ချိုးဖောက်မှုတွေအပေါ် အခြေခံကာ မြန်မာပြည်ကို ၂၀၁၄ ခုနှစ်မှာ “အထူးစိုးရိမ်ရတဲ့ နိုင်ငံ” အဖြစ် သတ်မှတ်ရန် USCIRF က အမေရိကန် နိုင်ငံခြားဝန်ကြီးဌာနကို အကြံပြုထားပါတယ်။ မြန်မာနိုင်ငံအပါအ၀င် အထူးစိုးရိမ်ရတဲ့ ၈ နိုင်ငံစာရင်းထဲမှာ တရုတ်၊ အီရီထရီ၊ အီရန်၊ မြောက်ကိုးရီးယား၊ ဆော်ဒီအာရေဗျ၊ ဆူဒန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေ ပါဝင်ပါတယ်။ အီဂျစ်၊ အီရတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆီးရီးယား၊ တာဂျစ်ကစ္စတန်၊ တပ်မန်နစ္စတန်နဲ့ ဗီယက်နမ်တို့ဟာ ဘာသာရေး လွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်ကျူးလွန်တာတွေ ရှိနေတယ်လို့လည်း ထည့်သွင်းထားပါတယ်။ ၁၉၈၈ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ဒီကော်မရှင်ဟာ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေ (IRFA) အတွက် လွတ်လပ်တဲ့ အကြံပေး အဖွဲ့တခုဖြစ်သလို ပြည်ပမှာ ဘာသာရေး လွတ်လပ်ခွင့် မတော်မတရား လုပ်တာကို စောင့်ကြည့်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up