မြန်မာ့ သတင်းလွတ်လပ်ခွင့် အခြေအနေ တိုးတက်

ကမ္ဘာတ၀န်းနိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်အခြေစိုက် Freedom House က မြန်မာသတင်း လွတ်လပ်ခွင့်အခြေအနေဟာ တိုးတက်လာတယ်လို့ ပြောဆိုလိုက်ပါတယ်။ အာရှ ပစိဖိတ်ဒေသက ဟောင်ကောင်၊ အိန္ဒိယ၊ သီရိလကာင်္၊ ထိုင်း၊ ပစိဖိတ်ကျွန်းနိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ဆုတ်ယုတ်ခဲ့ပေမယ့် မြန်မာနဲ့ နီပေါနိုင်ငံတွေကတော့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ဒီအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သတ်ပြီး ရေးသားထားတဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။ Freedom House2013မြန်မာနိုင်ငံမှာ ၂ နှစ်တာ အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပြီးမှာတော့ ၂၀၁၃ ခုနှစ်မှာ မြန်မာမှာ အနည်းငယ် တိုးတက်မှုတွေ ရှိလာခဲ့သလို ပုံနှိပ် မီဒီယာလုပ်ငန်းကို ချုပ်ကိုင်မှု လျော့ချပေးခဲ့သလို နေ့စဉ်နဲ့ အပတ်စဉ် သတင်းစာတွေ အတော်များများကိုလည်း လိုင်စင်ချပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မီဒီယာဥပဒေသစ်ကို ပြုစုရာမှာတော့ ဒေသခံအဖွဲ့တွေဆီက ဆွေးနွေးချက်တွေကို အကန့်အသတ်နဲ့ လုပ်ဆောင်ခဲ့ပြီး တိုင်းရင်းသားအကြမ်းဖက်မှုတွေကို ရေးသားရာမှာတော့ တားမြစ်ချက်တွေ ရှိနေသလို ၂၀၁၃ ခုနှစ်မှာတော့ စိုးရိမ် ပူပန်စရာ ဖြစ်နေဆဲပဲလို ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေကတော့ တိုးတက်မှုမရှိသလို အခြေအနေကတော့ ထူးခြားမှုမရှိသေးဘူးလို့ သတင်းစာဆရာကြီး ဦးသောကြာက အခုလို ပြောပါတယ်။ “ကျနော်တို့ ဘက်က ပြောရင်တော့ သိပ်မထူးဘူးဗျ။ Freedom House ကတော့ သူ့အတိုင်းအတာနဲ့ တမျိုးဖြစ်ရင် ဖြစ်မှာပေါ့။ ဥပမာလေး တခုပြောပြမယ်၊ သတင်းတပုဒ်ကို ကျနော်တို့ ကနေ့အထိ confirm လုပ်လို့ မရဘူးဗျာ။ ဘာဖြစ်လို့ confirm လုပ်သလဲဆိုတာ ကျနော်တို့က သတင်းစာတယောက်အနေနဲ့ confirm လုပ်မှ တာဝန်ယူလို့ရမယ်။ နောက်တခု ကျနော်တို့ တာဝန်သိစွာနဲ့ ပြည်သူကို သတင်းအချက်အလက်အမှန်ပေးဖို့ ၀န်ဆောင်တဲ့ ပြည်သူ့ ၀န်ထမ်းတွေဖြစ်တယ်ဗျာ။ ဒါပေမယ့် ကျနော်တို့ကို နားလည်နေတာက အထူးသဖြင့် အစိုးရ အာဏာပိုင်အဖွဲ့အစည်းတွေက ကျနော်တို့က အလကားနေရင်းလိုက်ပြီး အမှားတွေကို လိုက်ရှာပြီး ထောက်နေတဲ့သူတွေလို့ အဲလို နားလည်နေတာကိုက အဲဒါကို မဖြစ်တာ။ ဒီအဆင့်က ဒီနေ့အထိ ကျနော်တို့ မကျော်နိုင်သေးဘူး။ ကျနော့်အမြင်က သတင်းလွတ်လပ်ခွင့်က အဲဒီအပေါ်မှာ အခြေခံတာပဲ။ ကျနော်တို့ နိုင်ငံမှာ အဲဒီလိုပဲ ဒီအဆင့်ကို ကျော်ကို မကျော်နိုင်သေးဘူး။ ဥပမာဗျာ Public Service မှာ ရဲက အရေးကြီးတယ်။ ရဲက ကူညီပါရစေ ဆိုင်းဘုတ်ထောင်ထားတဲ့ အဖွဲ့အစည်းဗျာ။ ကျနော်တို့ကို မကူညီဘူးဗျာ။ သွားရင် ဟောက်ဟောက်ပြီး လွှတ်နေတာ Confirm လုပ်လို့လည်း မရဘူး။” ဒီအဖွဲ့ရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ ကမ္ဘာအဆင့် သတ်မှတ်ချက်မှာတော့ မြန်မာက အဆင့် ၁၅၇ နေရာမှာရောက်ရှိလာပေမယ့် လွတ်လပ်ခွင့်မရှိတဲ့နိုင်ငံ စာရင်းမှာ ထည့်သွင်း ထားဆဲဖြစ်ပါတယ်။ အရင်က ၁၆၂ နေရာမှာ ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတွေကို သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့နိုင်ငံ၊ တစိတ်တဒေသပဲ လွတ်လပ်တဲ့နိုင်ငံနဲ့ လွတ်လပ်ခွင့်မရှိတဲ့နိုင်ငံဆိုပြီး ၃ မျိုးခွဲ သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up