ရုရှားထောက်ခံသူများ ယူကရိန်းနိုင်ငံ ဒန်ညက်စ်မြို့တော် တရားရုံးကို သိမ်းပိုက်

1.1K
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေ သိမ်းပိုက်ထားတဲ့ ဒန်ညက်စ်မြို့မှာ ရုရှားထောက်ခံသူတွေ မြို့တော်တရားရုံးကို သိမ်းပိုက်ခဲ့ကြပါတယ်။
မေဒေးနေ့ ဆန္ဒပြပြီး ရောက်ရှိလာကြတဲ့ ရုရှားထောက်ခံသူတွေဟာ တရားရုံး ရှေ့မှာချထားတဲ့ လုံခြုံရေးတွေကို ကျောက်ခဲတွေ၊ တုတ်တွေနဲ့ ပစ်ပေါက်ရိုက်နက်ခဲ့ကြပါတယ်။
ပထမပိုင်းတော့ လုံခြုံရေးတွေက ပြန်လည်ခုခံခဲ့ကြပြီး မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြပေမယ့် အင်အားမမျှတာကြောင့် လုံခြုံရေးတွေလည်း အထိနာခဲ့ကြပါတယ်။
နှစ်ဖက်စလုံးက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်ခဲ့ကြတာတော့ မရှိဘူးလို့ ဆိုပါတယ်။
ဒီတရားရုံးဟာ ကီယက်အစိုးရက အမိန့်ပေးစေခိုင်းချက်တွေအတိုင်း ဒေသခံတွေကို အမှုအမျိုးမျိုးတပ် ဖမ်းဆီးအရေးယူနေလို့ အခုလို သိမ်းပိုက်ရတာလို့ တရားရုံးကို သိမ်းပိုက်ခဲ့ကြတဲ့သူတွေက ပြောဆိုပါတယ်။
ဒီ ဒန်ညက်စ်မြို့ကို ဧပြီ ၆ ရက်နေ့ကတည်းက ယူကရိန်းခွဲထွက်ရေးသမားတွေက သိမ်းပိုက်ခဲ့ကြပါတယ်။
ယူကရိန်းသမ္မတ ကိုယ်တိုင် ယူကရိန်းအရှေ့ပိုင်းမှာ အခြေအနေတွေကို ယူကရိန်းအစိုးရက မထိန်းသိမ်းနိုင်ဘဲ အုပ်ချုပ်မှုပရမ်းပတာဖြစ်နေတယ်လို့ ၀န်ခံထားပါတယ်။
ယူကရိန်းအရှေ့ပိုင်းက မြို့ ဒါဇင်ကျော်ဟာ ရုရှားထောက်ခံသူတွေရဲ့ သိမ်းပိုက်ခံထားရပြီး မေ ၁၁ ရက်နေ့မှာ ယူကရိန်းဆီက လွတ်လပ်ရေးကြေညာပြီး ရုရှားနဲ့နီးစပ်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။
အနောက်နိုင်ငံတွေကတော့ ရုရှားသမ္မတပူတင်ဟာ ဒီမတည်ငြိမ်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်နေတယ်ဆိုပြီး ဒီတပတ်ထဲမှာပဲ အမေရိကန်၊ အီးယူ၊ ဂျပန်နဲ့ ကနေဒါနိုင်ငံတွေက ရုရှားနိုင်ငံကို ထပ်မံပိတ်ဆို့ခဲ့တဲ့အတွက် ရုရှားနိုင်ငံက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ကူညီထောက်ပံ့မယ်လို့ ပြောဆိုခဲ့ပါတယ်။