ရခိုင်ပြည်နယ် မင်းပြားမြို့ ရာမောင်တံတားအနီးမှာ စက်တင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားတဲ့ အမျိုးသား ၂ ယောက်ကို ဒီနေ့အထိ အဆက်သွယ်မရသေးတာကြောင့် စိုးရိမ်နေကြရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ ကိုသန်းအောင်ဖြစ်ပြီး ကရင်ပြည်နယ်ပြည်နယ်မှာ အိမ်ထောင်ကျနေကြောင်း၊ ဖခင်လေဖြတ်နေလို့ မင်းပြားမြို့နယ် မြစ်နားရွာကို ခဏပြန်လာတာလို့ အစ်ကိုတော်စပ်သူ ဦးကျော်သာဦးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီနေ့က မင်းပြားမြို့က သူငယ်ချင်းဖြစ်တဲ့ ကိုသန်းဌေးအောင် ထမင်းစား ဖိတ်ထားလို့ ဆိုင်ကယ်နဲ့ လိုက်သွားတဲ့အချိန်မှာ စစ်တပ်က နှစ်ယောက်လုံးကို ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
“ကရင်ပြည်နယ်မှာ ဇနီးဖြစ်သူနဲ့ သားတယောက်နဲ့ သမီးတယောက် ရှိပါတယ်။ ဇနီးနဲ့ သားသမီးတွေရှိတဲ့ ကရင်ပြည်နယ်ကို ပြန်မယ်ဆိုပြီး စက်တင်ဘာ ၉ ရက်နေ့ကတည်းက ကားလက်မှတ် ဝယ်ယူပြီးသားဖြစ်ပါတယ်။ အဲဒီနေ့ကမှ ရာမောင်တံတားနားမှာ စစ်တပ်က ပစ်ခတ်လိုက်လို့ ဆိုင်ကယ်နဲ့လာခေါ်တဲ့ သူ့ သူငယ်ချင်းရဲ့ပေါင်ကို သေနတ်ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရရှိကာ သူတို့တပ်စွဲထားတဲ့ တောင်ပေါ်ကို ဖမ်းခေါ်သွားတယ်။ နိုင်ငံရေးလည်းမလုပ်ဘူး၊ ဘာမှလည်း အပြစ်မရှိဘဲနဲ့ ဖခင်နေမကောင်းလို့ ရွာကိုပြန်လာတဲ့ အချိန်မှာ မတရားဖမ်းဆီးတာကိုခံလိုက်ရတာပါ။ စစ်တပ်က ဖမ်းပြီးရင် မတရား ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်မှာဗျ။ သူတို့ လက်ထဲရောက်သွာရင် အသက်အန္တရာယ်တောင် စိတ်မချရတော့ဘူး” လို့ ဦးကျော်သာဦးက ပြောပါတယ်။
သူတို့နှစ်ဦးအား ဖမ်းခေါ်သွားတဲ့တောင်ပေါ်မှာ ၃ ည အိပ်ထားပြီး မင်းပြားတပ်ရင်းကို ခေါ်သွားတယ်လို့သိရပြီး ရဲစခန်းကို စုံစမ်းတော့လည်း ရောက်မလာသေးဘဲ အခု တလကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်သွယ်မရသေးလို့ အသက်အန္တရာယ်ထိခိုက်မှာ စိုးရိမ်နေကြရတယ်လို့ ဦးကျော်သာဦးကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော် AA တို့ အခုနှစ် သြဂုတ် ကစတင်ကာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်းမှာ မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။