Home
မြန်မာသတင်း
ယင်းမာပင်၊ ပုလဲနှင့် စစ်ကိုင်း-ရွှေဘိုလမ်းတွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 7, 2022

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောက်တိုဘာ ၇ ရက်က မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းပေါ်မှာ မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုများနိုင်သလို အဲဒီ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတချို့ရဲ့ ဆဲဆိုသံတွေဟာ အဝေးကနေအထိ ကြားနေရသလို မိုင်းရဲ့ပြင်းအားဟာလည်း ၁၀ မိုင်ဝန်းကျင်လောက်ထိ တုန်ခါသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဟာ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမ (ဒေသအခေါ် ပျူစောထီးရွာ) မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မုံရွာ နမခဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်သလို မနက်ပိုင်း ၇ နာရီလောက်ကစပြီး အချိန်ခြားကာ ၃ ကြိမ် တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ရေးမှာပါဝင်တဲ့ ‘ချိုမိုင်မိုင်’ ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော်တယောက်က “ကျနော်တို့ ဒီမစ်ရှင်ကို ကြိုတင်စီမံဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကိုယ်ဖောက်ခွဲတိုက်ခိုက်လိုက်တဲ့ မိုင်းဟာ စစ်ကောင်စီတပ်သားတွေ ပိုမိုထိခိုက်မှုရှိစေဖို့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတချို့မှာ သေချာကျင်းတူး ဂျောက်ချပြီး အင်အားကောင်းတဲ့ ပဒေသာမိုင်းတွေကို မြှုပ်နှံခဲ့သလို လမ်းပိုင်းကိုလည်း သေချာသပ်ရပ်စွာ ဖုံးဖိထားခဲ့ပါတယ်။ အခုတိုက်ခိုက်မှုဟာ နေရာ ၃ ပွိုင့်ထားကာ ပဒေသာမိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ စီးလာတဲ့ကား ၂ စီးဟာ မောင်းလို့မရအောင် ပျက်စီးသွားခဲ့သလို ကားဘီးတွေလည်း ပြုတ်ထွက်ကျကျန်ခဲ့ပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးသလို ထိခိုက်ဒဏ်ရာရတဲ့သူလည်း များခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေရာအပြောင်းအရွှေ့ ပြုလုပ်တာလို့ ယူဆရပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးတိုင်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ‘ချိုမိုင်မိုင်’ ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုနဲ့အတူ Yinmarbin Local PDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကိုလည်း ပြည်သူတွေအနေနဲ့ အသုံးမပြုကြဖို့ ပြောပါတယ်။

ဘန့်ဘွေးရွာမမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာအတွင်းမှာ နေထိုင်စဥ်နဲ့ လမ်းပိုင်းတွေပေါ် ထွက်ခွာစဥ်တွေမှာ အရင်တုန်းကလည်း PDF အဖွဲ့တွေရဲ့ တိုက်ခိုက်တာ ခံခဲ့ရဖူးတာတွေ ရှိခဲ့သလို အဲဒီစစ်ကောင်စီတပ်ဖွဲ့ကလည်း ကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်လာတာ ၇ လဝန်းကျင်ထဲ ရောက်ရှိနေပြီဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်မှာ အောက်တိုဘာ ၆ ရက် ညပိုင်းက ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက် မြို့နယ်မီးသတ်ရုံးအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ ပုလဲမြို့နေ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်သားတွေဟာ ပုလဲမြို့ ထွေအုပ်ရုံးအတွင်းမှာ စခန်းချ တပ်စွဲနေထိုင်တဲ့ စစ်သားတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

ဒေသခံရွာသားတယောက်က “ဘယ်အဖွဲ့က လုပ်တယ်တော့ မသိရဘူးဗျ။ မိုင်းကွဲတာကတော့ မီးသတ်ရုံးအနီးမှာ ပေါက်ကွဲတာ။ ညပိုင်းဆိုတော့ ဘယ်လောက်သေတယ်ဆိုတာမျိုး အတိအကျ မသိရဘူး။ ဒီနေ့မနက်ခင်းကြတော့ ၂ ဦးသေတယ်၊ ၃ ဦး ဒဏ်ရာရတယ်လို့တော့ သိထားရတယ်” လို့ ပြောပါတယ်။

အခုလို ပုလဲမြို့ပေါ်မှာ ပေါက်ကွဲမှုဖြစ်တိုင်း၊ PDF တွေက အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အခါတိုင်း စစ်ကောင်စီတပ်က မြို့ပေါ်နေ ပြည်သူတွေကို ခေါ်ယူစစ်ဆေး ရိုက်နှက်တာတွေ ပြုလုပ်လေ့ရှိပြီး အသွားအလာ စစ်ဆေးထိန်းချုပ်တာတွေ ပိုမိုတင်းကျပ်လေ့ရှိတယ်လို့လည်း မြို့ပေါ်နေ ပြည်သူတွေထံက သိရပါတယ်။

ဒေါင်းနက်အဖွဲ့ခေါင်းဆောင် ဆရာပေက “ပုလဲမြို့ပေါ်လမ်းမကြီး တောင်ဘက်အစပ်က ၅ ဦး၊ မြောက်ဘက်အစပ်က ၅ ဦးနဲ့ ကင်းလှည့်လာတာကို ကျနော်တို့ မိုင်းဆွဲခဲ့တာပါဗျ။ ဘာကြောင့် အခုလို လုပ်ရတာလဲဆိုတော့ ဒီကောင်တွေက ပုလဲမြို့ပေါ်က ပြည်သူတွေကို အနိုင်ကျင့် စစ်ဆေးတာတွေ အကြိမ်ကြိမ်လုပ်တယ်။ ဘယ်လိုလုပ်လဲဆိုတော့ မှတ်ပုံတင် စစ်ဆေးတယ်၊ ဧည့်စာရင်းစစ်တယ်၊ အဲလိုစစ်ဆေးပြီး ဖမ်းဆီးကာ ငွေနဲ့ ပြန်အရွေးခိုင်းတာတွေ လုပ်လို့ အခုလို မြို့ပေါ် အရဲစွန့်တက်ပြီး ဖောက်ခွဲရတာပါ။ လာတာက စစ်(--) ၁၀ ကောင်ပါ။ အဲ ၁၀ ကောင်ထဲက လမ်းမြောက်ဘက်အစပ်ကနေ သွားနေတဲ့ ၅ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ကျန် ၅ ဦးက ပြန်လည်ပစ်ခတ်လို့ အသက်လု ထွက်ပြေးခဲ့ရတယ်။ အထိအခိုက်ကတော့ ကျနော်တို့ဘက်က မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခုပစ်ခတ်တာတွေကို ဒေါင်နက်ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ ၁ က ရဲဘော်ချစ်ငယ် အပါအဝင် ၅ ယောက်က သွားရောက် မိုင်းဆွဲခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ ဒေါင်းနက်အဖွဲ့ဟာ NUG အစိုးရရဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ အဖြစ် တရားဝင် အသိအမှတ်ပြုတပ်ရင်းအဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်း-ရွှေဘိုလမ်းရှိ အုန်းတောနဲ့ ဆားတောင်မြို့အကြားမှာလည်း အောက်တိုဘာ ၆ ရက် ည ၁၂ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေ လိုက်ပါလာတဲ့ စစ်ကား ၂ စင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်‌ကား ၂ စင်းအနက် နောက်ကားကို ထိမှန်သွားခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိတယောက် အပါအဝင် ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား စစ်ကိုင်းသားအဖွဲ့မှ တာဝန်ရှိသူတယောက်က “စစ်ကိုင်းဘက်ကလာတဲ့ စကစကား ၂ စင်းပါ။ ဆားတောင်မရောက်ခင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ကား ၂ စင်းက ခွာပြီးမောင်းလာတာ။ နောက်ကားကို မိုင်းစအတော်ထိသွားတယ်။ အဲ့ဒီကားပေါ်က ပါလာတဲ့ကောင်တွေ ပြန်တောင် မပစ်နိုင်တော့ဘူး။ နောက်ပြီး အကောင်ကြီးကြီး ၁ ကောင် အပါအဝင် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ ပြောလို့ရပါတယ်။ အသေအပျောက် အတိအကျတော့ စုံစမ်းနေပါတယ်။ ညဘက်ဆိုတော့ ဗွီဒီယိုရိုက်လို့မရလို့ မရိုက်ခဲ့ရတာ” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး ရှေ့ကမောင်းနှင်သွားတဲ့ကားပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ငယ်တွေနဲ့ အချက် ၁၀၀ နီးပါး ပြန်လည်တိုက်ခိုက် ပစ်ခတ်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တစုံတရာ အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို နယ်စည်းမခြား စစ်ကိုင်းသားအဖွဲ့နဲ့ တပ်ရင်း ၂၊ တပ်ခွဲ ၄၊ တပ်စိတ် ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း စစ်ကိုင်း-ရွှေဘိုကားလမ်းက အုန်းတောနဲ့ ဆားတောင်မြို့ကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၁၂ ဘီးကားကို ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၁ ရက်နေ့ကလည်း ဆားတောင်မြို့ရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024