ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ တပ်မဟာ ၃ နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ လတာအတွင်း တိုက်ပွဲအကြိမ်ရေ ၇၀ ကျော် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၈၃ ယောက် သေဆုံးကာ ၈၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၇၊ တပ်ရင်း ၈၊ တပ်ရင်း ၉ နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ တပ်တွေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၃ ယောက် ကျဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြဲတမ်းပြုလုပ်နေပြီး တပ်မဟာ ၃ လက်အောက်ခံတပ်တွေနဲ့ အခုချိန်ထိတိုင်အောင် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကစပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်ရင်း ၆ ရင်းဖြစ်တဲ့ ခလရ ၄၈၊ ခမရ ၅၉၀၊ ခမရ ၅၉၉၊ ခမရ ၅၈၂၊ ခမရ ၃၄၉ နဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတရင်းတို့က KNLA တပ်ရင်း ၉ နဲ့ KNDO တပ်ရင်း ၃ နယ်မြေတွေကို ရှင်းလင်းဖို့ စစ်ဆင်ရေးချမှတ်ပြီး ထိုးစစ်ဆင်လာခဲ့တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Federal Wings တပ်ဖွဲ့တွေ ပူးပေါင်းပြီး ပြန်လည်တိုက်ခိုက်ခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ အချိန်တွေအတွင်း ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေ ပြုလုပ်ရုံသာမက လေကြောင်းကလည်း ၃ ကြိမ်တိုင်တိုင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မုန်းမြို့နယ်အတွင်းက ကျေးရွာ ၂ ရွာကိုလည်း အတင်းအဓမ္မ ပြောင်းရွှေ့စေတာတွေ ရွာသား ၁ ယောက်ကို ဖမ်းဆီးခဲ့ပြီး တခြား ၁ ယောက်ကိုလည်း ပစ်သတ်ခဲ့တဲ့အပြင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၂ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။