မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အမြောက်တပ် အမှတ် ၃၁၆ ကင်းဂိတ်ကို အောက်တိုဘာ ၆ ရက် မနက်ပိုင်းက ၄၀၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MSRO မှ တာဝန်ရှိသူက ပြောပါတယ်။
“စစ်တပ်ဘက်ကတော့ အထိအခိုက် အကျအဆုံး ရှိနိုင်တယ်။ လောလောဆယ်တော့ အတိအကျ မသိသေးဘူး။ ကင်းဂိတ်ထဲကို တချက်ပဲ ပစ်ခတ်ခဲ့တယ်။”
အဆိုပါ အမြောက်တပ် အမှတ် ၃၁၆ ကင်းဂိတ်ကို လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်ဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်ကလို့ ယူဆရတဲ့ ကားတစီးကြောင့် ဖျက်သိမ်းခဲ့ရပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အဆိုပါပစ်ခတ်အထဲမှာ ပါဝင်သူက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို MSRO အဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်နေ့ကလည်း အဆိုပါအမြောက်တပ်ရင်းက မာန်အောင်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ၆ ချက် ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။