စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အောက်တိုဘာ ၅ ရက် မနက် ၉ နာရီခွဲလောက်က စတင်ပြီး ညနေ ၄ နာရီဝန်းကျင်လောက်ထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA၊ PDF၊ ပကဖ ပူးပေါင်းအဖွဲ့တို့ ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က ကျောက်အိုင်ကျေးရွာနဲ့ ပေပင်ကျေးရွာအတွင်းကို ဝင်ရောက်ကာ ဒေသခံတွေရဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
ကျောက်အိုင်ကျေးရွာက နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပြာကျသွားခဲ့ကြောင်းနဲ့ ဒီနေ့ မနက်ပိုင်းမှာလည်း အဲဒီကျေးရွာတွေအနီးမှာ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားနေရပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသမှာဖြစ်ပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေ မသိရသေးသလို အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ကျောက်အိုင်ကျေးရွာနဲ့ ပေပင်ကျေးရွာတို့ကတဆင့် တခြားကျေးရွာတွေဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာနိုင်ဖွယ် ရှိတာကြောင့် တခြားကျေးရွာတွေက ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တို့ဟာ အောက်တိုဘာ ၃ ရက်ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲဟာ ၄ ရက်မြောက် ရှိလာပြီဖြစ်သလို အောက်တိုဘာ ၄ ရက် တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်ခဲ့ပါတယ်။