Home
ဆောင်းပါး
သီတာဒေဝီလုပွဲ မဟုတ် ဓမ္မနဲ့ အဓမ္မတိုက်ပွဲ
မောင်တူး
·
October 5, 2022

သီတာဒေဝီ၊ ပြန်ရမည် တောင်း

စစ်ခင်းကြောင်းမဟုတ်ပါ။ 

ရာဇဝင်လာ၊ ဒသဂီရိ

မင်းဆိုး၏ဘေး၊ ကင်းလွတ်ရေးတွက်

စစ်ဖက်ပြိုင်ခင်း၊ ရာမမင်းသည်

“လင်္ကာ”ပြည်သူများ၏ သူရဲကောင်း။ ။ 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်း-မြန်မာ ဟိန္ဒူဘာသာဝင်တွေပေါင်းပြီး "နဝသူးရကား မယ်တော်ပွဲ"ကို စက်တင်ဘာ ၂၅  ရက်ကနေ  အောက်တိုဘာ ၃ အထိ ၉ ရက် ကျင်းပတဲ့သတင်းပါ။ ကျနော်က သတင်းကို တည်းဖြတ် တင်ဆက်မယ်။ မဲဆောက် ဒီဗွီဘီကွင်းဆင်း ကရင်သတင်းထောက်က သွားရိုက်တယ်။ ဒီနေရာမှာ ပြဿနာပေါ့။ မေးတာက ကရင် ဖြေတာက ဟိန္ဒူဘာသာဝင်တွေ ဆိုတော့ အင်တာဗျူးထားတဲ့စကားတွေ သိပ်မရှင်းကြ။ ထိုင်းစကား ဗမာစကား ဟိန္ဒူဘာသာ အသုံးအနှုန်းတွေကြား ဘာပွဲလဲဆိုတာ ဝါးတားတား။ ရာဇဝင်ကြောင်းက ဘယ်လိုလာသလဲ ဆိုတာလဲ မပါခဲ့။ သတင်းရေးဖို့ မလုံလောက်တော့ ပိုသိချင်လာမိတယ်။ ဒါနဲ့ ချင်းမိုင်က ဂေါ်ရခါး ဟိန္ဒူအဖွဲ့ကို လှမ်းမေးတာပေါ့။ ကိုရာဂျန်လင်ပူးကတဆင့် ဟိန္ဒူဘာသာရေးဆရာတဦးနဲ့ အဆက်ရပြီး သူက ရှင်းပြတော့မှ အပြည့်အစုံသိရပါတော့တယ်။ 

(သူရှင်းပြတဲ့ အနှစ်ချုပ်ကတော့ "ဒီပွဲတော်ဟာ ရာမာယဏဇာတ်တော် နောက်ခံဖြစ်တယ်။ ရာမနဲ့ ဒဿဂီရိ စစ်ခင်းကြရတာဟာ လူအများ သိနေသလို သီတာဒေဝီကြောင့် မဟုတ်ဘူး။ ဒဿဂီရိရဲ့ အာဏာရှင်ပီသစွာ အဓမ္မ အုပ်ချုပ်မှုကို ဓမ္မတရား လက်ကိုင်ထားတဲ့ ရာမမင်းရဲ့ ခုခံစစ်ပွဲ ဖြစ်ပါတယ်။ " တဲ့)

ဟိန္ဒူဘာသာရေးဆရာက သူ့ရဲ့ ရှင်းပြချက်ကို အသံဖိုင်နဲ့ ပို့လာတယ်။ အခု အဲ့ဒါကို ကျနော်က စာနဲ့ ပြန်ရိုက်ပြီး တင်ပြလိုက်တယ်။ ဒီနေရာမှာ ကြိုတောင်းပန်လိုတာက ကျနော်ဟာ ဗုဒ္ဓဘာသာပါ။ ဟိန္ဒူဘာသာ အသုံးအနှုန်း စကားတွေကို မသိပါ။ ဒါကြောင့် အရေးမှားရင် စာလုံးပေါင်းမှားရင် ခွင့်လွှတ်ကြပါ။ ပြင်ဆင်ပေးကြပါကုန်။ 

နဝသူးရကားမယ်တော်ပွဲ

နဝသူးရကားဆိုတာ ၉ ရက်ကြာ ဥပုသ်နဲ့ နဝသူးရကား ပြီးသွားပြီးတော့ ၁၀ ရက်မြောက်မှာ ဆံကပ်ပွဲ လုပ်ကြတဲ့ အကြောင်းလေး ရှင်းပြပါမယ်။ ဒီပွဲကို ဘယ်တုန်းက စခဲ့လဲဆိုတာ လေ့လာရင် အနီးဆုံး ရာဇဝင်ကတော့ ရာမယဏဇာတ်တော်ကနေ လာတာဖြစ်ပါတယ်။ 

ရာမနဲ့ ဒသဂီရိ စစ်ခင်းကြတာ သီတာဒေဝီကြောင့် မဟုတ်

ဇာတ်တော်ကို မြန်မာပြည်မှာ သိကြတာကတော့ ဒသဂီရိနဲ့ ရာမမင်း စစ်ခင်းတယ်။ စစ်ခင်းရတဲ့ အကြောင်းတရားက မယ်သီတာကို ဒသဂီရိက ခိုးသွားတယ်ပေါ့နော်။ မယ်သီတာခိုးသွားလို့ စစ်ဖြစ်ကြတယ်လို့ပဲ မြန်မာပြည်မှာကော ထိုင်းမှာကောရှိကြတဲ့ ဒီ ရာမ လက္ခဏ ဇာတ်တော်တွေမှာ သိနေကြတယ်။ ဒါပေမဲ့ မူရင်း ရေးသားတဲ့ ရသေ့ကြီး ဘာလမီကီးရဲ့ မူရင်းမှာတော့ ရာမနဲ့ ဒသဂီရိ စစ်ဖြစ်ရတဲ့ အကြောင်းက သီတာကို ဒသခိုးသွားတဲ့အကြောင်း တခုထဲ မဟုတ်ဘူး။ 

ဒသဂီရိရဲ့အာဏာရှင်ဝါဒကြောင့် စစ်ပွဲဖြစ်တာ

ဒသဂီရိဟာ အဲ့ဒီတုန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော် ၇၀၀၀ ဝန်းကျင်လို့လည်း သုံးသပ်ကြတယ်ပေါ့နော်။ သူဟာ အဲ့သည်အချိန်က လန်ကာလို့ ခေါ်တဲ့ သီရိလင်္ကာကို အုပ်စိုးတဲ့ ဧက္ကရာဇ်မင်းပါ။ နေပြည်တော်တည်ထားပြီးတော့မှ တခြားတိုင်းနိုင်ငံတွေကိုလည်း ကျူးကျော်တိုက်ခိုက်သလို သူ့တိုင်းပြည်မှာလဲ အာဏာရှင်ကြီးပေါ့။ သူ့ရဲ့ တိုင်းပြည်ထဲမှာ ဘယ်သူမှ ပညာသင်ခွင့်မရှိ။ ရသေ့ကြီးတွေက အဲ့ဒီတုန်းက ကျောင်းတွေဖွင့် ပညာသင်ပေးတယ်။ အာစရုမ်းလို့ခေါ်တဲ့ (ဘုန်းတော်ကြီးသင်) ကျောင်းတွေမှာ တပည့်တပန်းတွေကို စုပြီးမှ ပညာရပ်ပေါင်းစုံကို သင်ကြားပေးနေကြတယ်။ အဲ့သည်လို ပညာသင်ကြားပေးတဲ့ ဆရာ ရသေ့ကြီးတွေကို ဒသဂီရိက ခေါ်တယ်။ ဖမ်းတယ်။ သတ်ဖြတ်တယ်။ အရမ်းကို ထင်တိုင်းကြဲခဲ့တယ်ပေါ့။ ဒသဂီရိဟာ အရမ်းကို ဆိုးသွမ်းလှတဲ့ မင်းတပါး။ စီးပွားရေး သမားတွေကိုဖမ်းပြီး သူတို့ရဲ့ ဘဏ္ဍာတွေကို သိမ်းယူတယ်။ သူ့နေပြည်တော်ကြီးကိုတော့ ရွှေစစ်စစ်နဲ့ တည်ဆောက်တယ်။ ပြည်သူ ပြည်သားတွေကတော့ ငတ်ပြတ်နေကြရတယ်ပေါ့နော်။ အဲသည်အချိန်မှာ ကပ်ဖားရပ်ဖား လူတန်းစားတရပ်လဲ ပေါ်ခဲ့တယ်။ ဘုရင်ကို ကြည်ဖြူအောင်လုပ်ပြီးတော့မှ၊ ဘုရင့်အကြိုက် ကပ်ဖားရပ်ဖား လုပ်ပြီးတော့မှ ပြည်သူလူထုကို အပြင်းအထန် နှိပ်စက်သတ်ဖြတ်တဲ့ လူတန်းစားတရပ်လည်း ရှိခဲ့တယ်။ ဒသဂီရိရဲ့ အုပ်ချုပ်မှုအောက် ဒါတွေ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ 

ဒသဂီရိကို တော်လှန်ဖို့ ကြိုးစားကြပြီ

ဒီဒဏ်တွေကို မခံနိုင်လွန်း အားကြီးလာတော့ ဆရာရသေ့ကြီးတွေ၊ ဓမ္မ ဘက်တော်သားတွေပေါ့နော်။ ဓမ္မဘက်တော်သား ရသေ့ကြီးတွေက ရာမမင်းဆီသွား တောင်းဆိုကြတယ်။ ဒသဂီရိကို တိုက်ပေးပါပေါ့။ သူ့ အဓမ္မက ကြီးစိုးနေတယ်ပေါ့။ အဲ့ဒီတုန်းက သူတို့တောမထွက်သေးခင်ပေါ့။ ရာမနဲ့ လက္ခဏကို ဗိဆွမိဿရ ဆိုတဲ့ ရသေ့ကြီးက ခေါ်လာပြီးတော့မှ နယ်စပ်ရှိ ဒသဂီရိရဲ့ တပ်တွေ၊ ရာဂျစ်စ်တွေ၊ ပူးသနားတွေ၊ (ကျနော်တို့ကတော့ ယက္ခ တွေလို့ ခေါ်တာပေါ့။ အဲ့သည် ယက္ခတွေကို ရာမမင်းက စပြီး တိုက်ခဲ့ပါတယ်။ ရာမတိုက်တာ နိုင်ခဲ့တယ်။ နိုင်နေချိန်မှာ မိတ္ထီလာ၊ မိတ္ထီလာမှာပေါ့နော် သီတာဒေဝီတို့က အဲ့သည်မှာ ရှိကြတာ။ ဂျနတ်ပူး လို့ခေါ်တဲ့ မိတ္တီလာလို့လည်း ခေါ်တဲ့ တိုင်းပြည်ကြီးပေါ့။ မယ်သီတာက ဇနက္ကမင်းရဲ့ သမီးလို့ပဲ ကျနော်တို့ သိကြတယ်။ အဲ့သည်မှာ လေးတော်တင်နိုင်ခဲ့တဲ့အတွက် သီတာနဲ့ ရာမ အိမ်ထောင်ရက်သားကျတယ်။ နောက်ဆုံး ရှင်ဘုရင် ဖြစ်ခါနီးမှာ ရာမရဲ့ မိထွေးတော်က သားအရင်းကို ဘုရင်ဖြစ်စေချင်တဲ့အတွက် ရာမမင်းသားကို ၁၄ နှစ်တိုင်တိုင် တောထွက်ဖို့ ရှင်ဘုရင်ဆီတောင်းဆိုတော့ နောက်ဆုံးမှာ ရာမမင်းသားတောထွက် ရတယ်။ တောထဲမှာလဲ ရာမဟာ ရသေ့ကြီးတွေကို ပြုစုစောင့်ရှောက်တယ်။ သူတို့ရဲ့ ကျောင်းသင်ခန်းတွေမှာ ဒသဂီရိရဲ့လူတွေ လာရောက် နှိပ်စက်တာတွေကို ကာကွယ်ပေးခဲ့တယ်။ ဒီလိုနဲ့ ရာမမင်းသားဟာ နာမည်ကြီး လာတယ်။ ဓမ္မဘက်တော်သားတွေက အားကိုးလာကြတယ်။ တောထဲမှာ ရာမ လက္ခဏ မယ်သီတာ ၃ ယောက်ပဲ ရှိပေမဲ့ အရမ်း အားကိုးကြတယ်။ 

ဒသဂီရိ နှစ်ရာချီ အာဏာရှင်စံနစ် တိုက်ဖျက်ရေး

အဲ့သည်အချိန် ဒသဂီရိရဲ့ နှစ်ပေါင်းရာချီရှိနေတဲ့ အာဏာရှင်စနစ်ကြီးတခုလုံးကို တိုက်ဖျက်ရေး တောထဲက လူ ၃ ယောက် ၄ ယောက်လောက်နဲ့တော့ မဖြစ်နိုင်တဲ့အတွက် စစ်ခင်းဖို့ ရာမတို့ဘက်က မရည်ရွယ်သေးဘူးလို့ ပြောရမှာပေါ့နော်။ ဒါပေမဲ့ စစ်ပွဲဖြစ်ဖို့ အကြောင်းတခု ဖန်လာတာက မယ်သီတာကို ဒသဂီရိက ခိုးသွားလိုက်တာ။ မယ်သီတာကို ခိုးရတဲ့ အကြောင်းတရားထဲမှာလည်း ဒသဂီရိရဲ့ ညီမကလာပြီးတော့မှ အဲ့ဒီမှာ အာဏာရှင်ဆန်ဆန် မယ်သီတာဆီကနေ သူ့ရဲ့လင်ကိုပေါ့နော် ရာမမင်းသားတို့ကို ခိုးယူသိမ်းပိုက်ဖို့ ကြိုးစားတဲ့အချိန်မှာ ရာမလက်ချက်နဲ့ ဒသဂီရိရဲ့ ညီမ နှာခေါင်းအဖြတ်ခံလိုက်ရတယ်။ အဲ့သည်တော့မှ မယ်သီတာကို ခိုးပါ ဆိုပြီး သူ့အစ်ကိုကို သွားလျှောက်ထားတယ်။ လျှောက်ထားတော့ ငါ့လို အစိုးရတဲ့ မင်းတပါးရဲ့ ညီမကို ဒီလိုလုပ်ရသလား။ ဆိုပြီးတော့ သူ့ညီ နှစ်ယောက်ကို လွှတ်ပြီး စ စစ်ခင်းတယ်။ စစ်ခင်းတော့ အဲ့သည် ညီ နှစ်ယောက်လုံး ရာမလက်ချက်နဲ့ သေသွားတယ်။ သေသွားတဲ့ အချိန်ကျတော့မှ ဟ မဖြစ်တော့ဘူးဆိုပြီးတော့မှ မယ်သီတာကို သွားခိုးတာ။ ခိုးသွားတော့ ရာမတို့က သီတာကို လိုက်ရှာရင်း ဟနုမာန် လို့ခေါ်တဲ့ မျောက်နဲ့တူတဲ့လူတွေနေတဲ့ တိုင်းပြည်တခုက လူတွေကို စုပြီးတော့မှ စစ်တပ် ဖွဲ့စည်းတယ်။ တပ်ဖွဲ့ပြီး တောထဲကနေပဲ ရှာပုံတော်ဖွင့်ခဲ့ကြတယ်။ မယ်သီတာကိုရှာရင်း သီရိလင်္ကာနားက ပင်လယ်နားကို ရောက်လာကြတယ်။ အဲ့ဒီတုန်းက ဗိသုကာပညာရှင်တွေ ဖြစ်ကြတဲ့ နောလ်နဲ့ နီးလ် ဆိုတဲ့ အခုအခေါ် အင်ဂျင်နီယာတွေပေါ့။ သူတို့တွေက ရေပေါ်မှာ ကျောက်တွေ စီတန်းပြီး တံတားဆောက်တဲ့ ပညာပေါ့။ တိုင်မပါပဲ ရေပေါ် ပေါလောပေါ် တံတားဆောက် နည်းပညာနဲ့ သူတို့ ဆောက်ခဲ့တယ်။ သီရိလင်္ကာကို စစ်ခင်းဖို့သွားတယ်။ ဒါပေမဲ့ စစ်မဖြစ်ခင်မှာ နှစ်ကြိမ်တိတိ သံတမန်လွှတ်ပြီး ရာမက ကြိုးစားခဲ့သေးတယ်။ 

စစ်ဖြစ်ရတဲ့ အကြောင်းရင်းက သီတာကြောင့် မဟုတ်

စစ်ဖြစ်ရတဲ့အကြောင်းရင်းက သီတာကြောင့် မဟုတ်ဘူး ဆိုတာ ကျနော်တို့ သက္ကတ ဘာသာမှတ်တမ်းတွေမှာ သံတမန်တွေ ပြောကြတာတွေကို မှတ်တမ်းတင်ထားပါတယ်။ အဲ့ဒီဟာကို ထောက်ရှုခြင်းအားဖြင့် သိနိုင်တယ်။ မယ်သီတာကို လွှတ်ပေးရင် စစ်မခင်းဘူးပေါ့နော်။ အဲ့သည်ဟာက မပါဘူးဗျ။ ပါတာတွေက ကျောင်းတွေကို လွတ်လွတ်လပ်လပ် ဖွင့်ခွင့်ပေးရမယ်။ ကိုယ်ယုံကြည်ရာကို ကိုးကွယ်ခွင့် ပေးရမယ်။ အလုပ်အကိုင်တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးရမယ်။ ဥပဒေဘောင် အတွင်းကနေပေါ့။ ဒီလိုမျိုးတွေပဲ။ လူတွေကို အတင်းအဓမ္မ ချုပ်နှောင်တာတွေ မပြုလုပ်ရဘူး။ ဒါတွေသာ သွားတောင်းဆိုတယ်။ ဒသဂီရိကို။ အဲ့ဒီတုန်းက သံတမန်က ပထမ ဟနုမာန် သွားတယ်။ မအောင်မြင်ဘူး။ ဒုတိယကျတော့ အာန်သက် ဆိုတဲ့ မျောက်မင်းကြီးက သွားခဲ့တယ်။ အိမ်ရှေ့မင်းသား။ သူသွားပြီး တောင်းဆိုတဲ့ အခါမှာလည်း မယ်သီတာကို လွှတ်ပေးဖို့ဆိုတာ နောက်ဆုံးမှ ပါတာ။ ပထမ ၆ ချက် ၇ ချက်က ဒီ အဓမ္မတရားတွေကို ရှင်ဘုရင်က နေပြီးတော့မှ ဒသဂီရိကနေ ဆက်မလုပ်ဖို့ တောင်းဆိုခဲ့တာကို ထောက်ရှုခြင်းအားဖြင့် ဒီစစ်ပွဲဟာ ဓမ္မနဲ့ အဓမ္မ စစ်ပွဲဖြစ်တယ်။ ကိုယ့်မိန်းမကို ခိုးသွားလို့ ဒေါသထွက်ပြီး မယားထိ ဓားကြည့်ဆိုတဲ့ စစ်ပွဲမျိုး မဟုတ်ဘူးပေါ့။ ဒါကို လေးလေးနက်နက် သိထားဖို့ လိုပါတယ်။ 

စစ်တိုက်ကြပြီ သိန်းဂိုရ်ပြည်ဝယ်

နောက်ဆုံး သံတမန်တွေနဲ့ ဆွေးနွေးပွဲတွေ မအောင်မြင်တော့တဲ့အချိန်မှာ စစ်ခင်းခြင်းမှအပ လက်နက်ကိုင် တိုက်ပွဲဝင်ခြင်းမှအပ ကျန်တဲ့နည်းလမ်း မရှိတော့တဲ့ အနေအထား ရောက်တဲ့အချိန်မှာ။ ကဲ တိုက်ပွဲဝင်ကြရတော့မယ်ဆိုတော့ ရာမမင်းဟာ သူတို့ နှစ်ပေါင်း ၁၀၀ ကျော်လောက် ပြုစုပျိုးထောင်ထားခဲ့တဲ့ အာဏာရှင် စစ်တပ်ကြီးကို လက်နက်အင်အား လူအင်အား မမျှတတဲ့ ရာမမင်းသားတို့ရဲ့ စစ်တပ်က ဘယ်လိုမှ အနိုင်တိုက်နိုင်မှာ မဟုတ်ဘူးပေါ့။ ရာမဟာ စိုးရိမ်ကြောင့်ကြတော်မူခဲ့တယ်ပေါ့။ အဲ့သည်အချိန်မှာ သိကြားမင်းကိုးကွယ်တဲ့ နတ်ပြည်က ရသေ့ကြီး နဒမူးနီးဟာ ကိုယ်လုံးထင်ပြလာတယ်။ ရာမမင်းသား ဘာကို စိုးရိမ်တာလဲလို့ မေးတော့ ဒသဂီရိဆိုတဲ့ စစ်အာဏာရှင်ကြီးကို (အဓမ္မကို) တိုက်ရတော့မှာ ဖြစ်တယ်ပေါ့နော်။ ဒီအတွက် လက်နက် စစ်သည်အင်အားမမျှဘူး။ ဒါကိုဘယ်လို အနိုင်တိုက်ဖို့ လုပ်ရမလဲပေါ့။ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်တာပါလို့ ဖြေကြားတဲ့အခါ။ ရသေ့ကြီးက ဒီစကြဝဠာမှာ အင်အားလို့ ခေါ်တဲ့ သက္ကတဘာသာနဲ့ သျှတ္တီး လို့ခေါ်ပါတယ်။ ခွန်အား သျှတ္တီးကို ရယူပါ။ ဒါကို ဥပုသ်သီလနဲ့ ရယူနိုင်ပါတယ်။ အဲ့ဒီ သတ္တိတွေ ရလာရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ သတ္တိတွေ ၉ မျိုး ရှိတယ်လို့ ရသေ့ကြီးက ပြောပါတယ်။ သတ္တိ ၉ မျိုးကို ကိုယ်စားပြုတာက ၉ ပါးသော မယ်တော်တွေပေါ့။ အဲ့သည် ကိုးပါးသော မယ်တော်တွေကို ပေါင်းလိုက်ရင် သတ္တိ တခုဖြစ်လာတယ်။ အဲ့ဒါက သူးရကား (Durga) ပေါ့။ သူးရကားရဲ့ အဓိပ္ပါယ်က မကောင်းမှုအဓမ္မတွေကို ဖြိုခွင်းပစ်လိုက်နိုင်တဲ့ သတ္တိ အစွမ်းပါ။ အမှောင်ကို အလင်းက ဖြိုခွင်းပစ်သလို အဓမ္မကို ဓမ္မက ဖြိုခွင်းပစ်လိုက်နိုင်တဲ့ အဲ့သည့် သတ္တိကို သူးရကား လို့ ခေါ်တယ်။ အဲ့သည်တော့ အဲ့သည် မယ်တော် သတ္တိ ၉ ပါးကို ၉ ရက် ဥပုသ်စောင့်ပြီး ရယူတော်မူပါ ရာမမင်းသား သင် ဒီစစ်ပွဲကို အနိုင်ရပါလိမ့်မယ်။ ဓမ္မနဲ့ အဓမ္မမှာ ဓမ္မက ရှုံးလေ့မရှိပါဘူး။ ဓမ္မကသာ နောက်ဆုံးမှာ အနိုင်ရသွားမှာပါလို့ ရသေ့ကြီးက အားပေးခဲ့တယ်။ 

စစ်အနိုင်တိုက်ဖို့ ရာမမင်းသား ၉ ရက် ဥပုသ်စောင့်တယ်

နောက်နေ့ကစ ရာမမင်းသား ၉ ရက်သော ဥပုသ်ကိုစောင့်တယ်။ တဖက်က စစ်လည်း စတိုက်တယ်။ ဒီလိုနဲ့ တရက် ၂ ရက် စတိုက်လိုက်တာ ဒသဂီရိရဲ့ တပ်သား တပ်ကြပ်ကအစ တိုင်းမှူး တပ်မမှူးတို့ တတပ်ပြီး တတပ် လာတိုက်တယ်။ စစ်တွေ ရှုံးသွားကြတယ်။ အားလုံး သေကျေပျက်စီးကုန်ကြတယ်။ အဲ့သည်တော့ ဒသဂီရိက သူ့စစ်သူကြီးချုပ် (သူ့သားလည်း ဖြစ်သူ) မစ်ဂနာ့ကို နောက်ဆုံး လွှတ်တယ်။ အဲ့သည်ပွဲမှာတော့ လက္ခဏကို ဒဏ်ရာရအောင် တိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဆေးသမားတော်ရဲ့ စွမ်းဆောင်ချက်ကြောင့် သူက ဟိမဝန္တာကနေ ညတွင်းချင်း ဆေးယူလာခဲ့ပြီး လက္ခဏမင်းသားကို ပြန်လည်ရှင်သန်အောင် လုပ်ပေးနိုင်ခဲ့တယ်။ နောက်ရက်မှာ လက္ခဏရဲ့ လက်ချက်နဲ့ပဲ ဒသဂီရိရဲ့သား စစ်သူကြီးချုပ်ဟာ သေဆုံးသွားတယ်။ အဲ့ဒါက ဥပုသ် ၉ ရက်မြောက်နေ့ပေါ့။ ၈ ရက်မြောက်မှာက ဆေးတွေ လက်နက်တွေကို ရာမတို့က ပူဇော်တယ်။ ကျနော်တို့က အခုအထိလည်း အဲ့ဒါကို နှစ်စဉ်ပူဇော်ဆဲပေါ့။ ကျနော်တို့ ဂေါ်ရခါးတွေ အိမ်မှာထားတဲ့ ကွတ်ကရီးဓားတွေဆို ၈ ရက်မြောက်နေ့ကို မယ်တော်ရဲ့ ပုံတော် ရုပ်တုတော်ရှေ့မှာထားပြီး ကျနော်တို့ ပူဇော်တယ်။ ရာမကလည်း ၈ ရက်မြောက်နေ့မှာ သူ့ရဲ့ ဓား လှံ သနုလို့ခေါ်တဲ့ လေးနဲ့ မြားတွေကို အဲ့သည်နေ့ ပူဇော်ခဲ့တယ်။ ပြီးတော့ ဒဏ်ရာရစစ်သားတွေ အားလုံးကို ကုသပေးခဲ့တဲ့နေ့ပေါ့။ နောက်ဆုံး ၉ ရက်မြောက်နေ့မှာ ဒသဂီရိရဲ့သား စစ်သူကြီးချုပ် ကျရှုံးတယ်။ ၁၀ ရက်မြောက်နေ့မှာ ခေါင်း ၁၀ လုံးရှိတဲ့ ဒဿဂီရိကို ရာမမင်းက မြားနဲ့ ပစ်ခွင်းပြီး အနိုင်တိုက်သွားခဲ့တယ်။ ကမ္ဘာလောကကြီးကနေ စစ်အာဏာရှင်နဲ့ အဓမ္မတရားကြီးက ကျရှုံးသွားပြီး ဓမ္မတရားက အောင်နိုင်သွားတဲ့နေ့။ အဲ့သည်နေ့မှာ ပျော်ရွှင်ပြီးတော့မှ ကိုယ်ကို သင်ကြား ပညာပေးခဲ့ကြတဲ့ ဆရာသမားတွေ၊ ကိုယ့်ရဲ့ ဓမ္မစစ်ပွဲ အောင်ပါစေကြောင်း မေတ္တာတွေ ပို့ပေးခဲ့ကြတဲ့ လူကြီးတွေကို သွားပြီး ကန့်တော့ကြပြီး နဖူးပေါ် ဆံကပ်ပြီးတော့မှ ဆံကပ်ပွဲ ကျင်းပကြရတာ ဖြစ်ပါတယ်။

နိဂုံး

အနှစ်ချုပ်ပြောရရင်တော့ စကြဝဠာမှာ ရှိတဲ့ သျှတ္တီး လို့ ခေါ်တဲ့ သတ္တိ ၉ ပါးနဲ့ အဓမ္မကို ဓမ္မနဲ့ အနိုင်ယူဖို့လို့ ဒီ သတ္တိ ၉ ပါးကို ဥပုသ်သီလစောင့်ထိန်း ပူဇော်ခြင်းဖြင့် မိမိအစ္ဇျတ္တ သန္တာန်မှာ သတ္တိ ၉ ပါးဖွံ့ဖြိုးလာအောင် လုပ်တဲ့ ဥပုသ် ပူဇော်ပွဲ ဖြစ်ပါတယ်။ ၁၀ ရက်မြောက်နေ့ကတော့ စစ်ပွဲနိုင်ပြီး ပျော်ပွဲရွှင်ပွဲနေ့။ အဓမ္မကို ဓမ္မက နိုင်ပြီဆိုတဲ့နေ့က ၁၀ ရက်မြောက်နေ့ပါ။ ဒါကြောင့် နဝသူးရကား မယ်တော်ပွဲကို စစ်အာဏာရှင်ကို တိုက်ခိုက်ပြီး ဓမ္မကို အဓမ္မက နိုင်တဲ့ပွဲအဖြစ် ကျင်းပကြတာပါ။ ဒါပေမဲ့ စစ်အာဏာရှင်တွေ မရှိတော့ရင်လည်း လူတိုင်းကိုယ်စီ ရင်ထဲက ကိလေသာ ဒသ ၁၀ ပါးကို ချိုးနှိမ် ပယ်ဖြောက်တဲ့ အထိမ်းအမှတ်အဖြစ် အမြဲကျင်းပနေကြရမယ်လို့ ရာမာယဏ မူရင်း ရေးသားတဲ့ ရသေ့ကြီး ဘာလမီကီးက ဆိုခဲ့ကြောင်း ဟိန္ဒူဘာသာရေးဆရာက ပြောပြ ရှင်းပြခဲ့ပါတယ်။ ဆရာ့ ရှင်းပြချက် အသံဖိုင် ဒီမှာ ဆုံးပါပြီခင်ဗျာ။ 

နဝသူးရကားမယ်တော်ပွဲမှ အတွေးသစ်ရခြင်း

သီတာဒေဝီကို ရာမနဲ့ ဒသဂီရိတို့ လုကြတဲ့စစ်ပွဲလို့သာ ဒီနေ့ထိ သိထားခဲ့တာပါ။ တကယ်တန်းက ဒသဂီရိရဲ့ ပြည်သူနဲ့ ပညာရှင်တွေကို နှိပ်စက်နေတဲ့ နှစ် ၁၀၀ လောက် တည်ဆောက်ထားတဲ့ စစ်အာဏာရှင်တပ်ကြီးကို ရာမမင်းက လူထုအား ဓမ္မအင်အားတွေ မွေးမြူပြီး ပြည်သူ့တပ်မတော်အသစ်နဲ့ တိုက်ခိုက် အောင်မြင်ခဲ့ပုံ အမြင်သစ် အတွေးသစ်ကို ရလာခဲ့ပါတယ်။ အခုကလည်း နွေဦးတော်လှန်ရေးကြီးမှာ နှစ်ပေါင်း ၇၀ လောက် ကြာရှည်နေတဲ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ အဓမ္မတပ်ကို PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုင်းရင်းသားတပ်တွေ ပူးတွဲထားတဲ့ ပြည်သူကချစ်တဲ့ ဓမ္မဘက်တော်သား တပ်တွေက တိုက်ခိုက် အောင်မြင် နေချိန် မဟုတ်ပါလား။ ၁၀ ရက်မြောက်နေ့ အဓမ္မကို ဓမ္မက အနိုင်ယူမဲ့ အောင်ပွဲခံ ပျော်ပွဲရွှင်ပွဲရက်ကတော့ မကြာခင် ရောက်လာတော့မှာပါ ခင်ဗျာ။ ။ 

မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024