Home
မြန်မာသတင်း
အထက်မင်းလှတွင် ရေနံမှော်တခုတွေ့ရှိသဖြင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေ
DVB
·
October 4, 2022

မကွေးတိုင်း အထက်မင်းလှမြို့နယ်မှာ ရေနံမဒေသမှာ ရေနံမှော်တခု တွေ့ရှိလို့ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေရရှိနေတယ်လို့ ရေနံလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ရေနံမတိုက်နယ် နွာလဲ(နလဲ)ကျေးရွာနားမှာ ရေနံမှော်တခု ပေါ်ပေါက်လာပြီး တရက်ကို ရေနံစိမ်း ၁ ပေပါကနေ ပေပါအလုံး ၄၀ ကြား ထွက်ရှိကာ ရေနံစိမ်း တပေပါကို ၃ သိန်းကျပ်ပေါက်ဈေး ရှိတာကြောင့် ရေနံလုပ်ငန်းရှင်တွေနဲ့ ဒေသခံပြည်သူတွေ ဝင်ငွေရရှိနေတယ်လို့ ရေနံမကျေးရွာက ရေနံတွင်းပိုင်ရှင် တယောက်က ဒီဗွီဘီကိုပြောပါတယ်။

အဲဒီရေနံမှော်ဟာ နလဲရွာဘက်ကနေ နဂါးအိုင်ဘက်ကို ဦးတည်တယ်ထင်ပြီး ရေနံသမားတွေက ရေနံတွင်းပေါက်တပေါက်စာ မြေနေရာကို ကျပ်သိန်း ၈၀ ကနေ သိန်း ၁၀၀ လောက်အထိပေးပြီး ကြိုတင်ဝယ်နေကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဒေသကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာလည်း မရှိသလို တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း မရှိပါဘူး။ ဒီရေနံမှော် ပေါ်လာတော့ လက်လုပ်လက်စား ဒေသခံပြည်သူတွေအားလုံး အဆင်ပြေတဲ့အပြင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ရရှိအောင်လည်း ဂိတ်ဖွင့်ပြီး ရန်ပုံငွေ ကောက်ခံတာတွေရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီရေနံမှော်ပေါ်တာကတော့  တလကျော်လောက်ရှိပြီဖြစ်ပြီး ရေနံထွက်ရှိတဲ့ တွင်းပေါင်း ၂၀၀ ကျော်နဲ့ တူးဖော်ဆဲ ရေနံတွင်းပေါင်း ၅၀၀ ကျော်လောက်ရှိမယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းမှာ အကျိုးအမြတ်အရှိဆုံးကတော့ မြေပိုင်ယာပိုင်တွေဖြစ်ပြီး ရေနံတွင်းပေါက် တပေါက်စာကို ငွေကျပ်သိန်း ၅၀ ကနေ သိန်း ၁၀၀ အကြား မြေငှားရမ်းခ ရရှိကြတာလို့ ဒေသခံက ပြောပါတယ်။

ရေနံတွင်းတူးတဲ့သူတွေကတော့ ဆီပေပါ ၁၀ လုံးအထက်ထွက်ရှိတဲ့ တွင်းတွေဆိုရင် လက်ရှိ ရေနံပေါက်စျေးနဲ့ ရက် ၂၀ အတွင်း အရင်းကျေတယ်လို့ သိရပါတယ်။ 

အခုပေါက်တဲ့ တွင်းတွေကတော့ ၁၀ လုံး နဲ့ အလုံး ၄၀ ကြားမှာ ထွက်ရှိတဲ့ ခပ်လျှံတွင်းတွေ များပြားပြီး အော်တိုလျှံတဲ့တွင်းကတော့ ၃ တွင်းလောက်သာရှိပြီး ဆီပေပါ ၇၀ နဲ့ အထက်ထွက်ရှိတယ်လို့ မင်းလှမြို့နယ် ရေနံမရွာမှ ရေနံလုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

ရေနံမှော်မှာ ရေနံတူးဖော်မယ်ဆိုရင် ပေ ၁၆၀၀ လောက်တူးဖော်ရပြီး ရေနံတွင်းတတွင်းကို သိန်း ၂၈၀ အထက် ရင်းနှီးမြှုပ်နှံရတယ်လို့ ရေနံတွင်းတူးစက်(ကရောင်းစက်) ပိုင်ရှင်တဦးက ပြောပါတယ်။

ရေနံမဒေသမှာ ရေနံအထွက်နှုန်းတွေ ကျဆင်းပြီး ရေနံမှော် မပေါ်တာဟာ ၅ နှစ်ကျော်လောက်ရှိပြီး အခု ရေနံမှော်ပေါ်ပေါက်လာတော့ လက်လုပ်လက်စားတွေ၊ ဒေသခံပြည်သူတွေနဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူ ၁ သိန်း နီးပါးလောက် အလုပ်အကိုင် အခွင့်လမ်းတွေရရှိပြီး နေ့စဥ်ဝင်ငွေရရှိနေကြတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် ဆူးဝင်းကျေးရွာရှိ ရေနံတွင်းတူးစက်ပိုင်ရှင်တဦးက “ကျနော်တို့ကတော့ ကရောင်းစက်ကို အငှားမလိုက်ဘဲ အစုရှယ်ယာနဲ့ပဲ တူးဖော်ပေးတာပါ။ ရေနံတွင်း ပေါက်နဲ့ တပေါက်ကလည်း အတောင် ၃၀ လောက်သာကွာပြီး တွင်းတွေ ပြည့်ညပ်နေကာ လုပ်အားခစျေးနှုန်း၊ ပစ္စည်းစျေးနှုန်းနဲ့ ရေစျေးနှုန်းတွေ အဆမတန်မြင့်တက်တာကြောင့် စက်သမားတွေအတွက်တော့ တွက်ခြေမကိုက်ဘူး” လို့ ပြောပါတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်မှာရှိတဲ့ ရေနံမှော်တွေနဲ့ ဆီခြံတွေကိုတော့ ဇန်နဝါရီ ၁၆ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျပ်သိန်းပေါင်း သိန်းနဲ့ချီဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024