တနင်္သာရီတိုင်း၊ ပုလောမြို့ဘက်ကနေ မြိတ်မြို့ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၃ ရက်၊ ညနေ ၃ နာရီလောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၃၀ လောက် ထိခိုက်သေဆုံးသလို ချောဆွဲခံလာရတဲ့ ပြည်သူ ၂ ယောက်လည်း သေဆုံးခဲ့ပါတယ်။
မြေတင်ကားကြီး ၂ စီးနဲ့ ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီး ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေ ၆ နာရီလောက်အထိ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားနေတုန်း ၈ မိုင်လောက်ဝေးတဲ့ စက်တော်ရာကျေးရွာဘက်ကနေ ခြေလျင်စစ်ကူလာတဲ့ အင်အား ၅၀ လောက် စစ်ကောင်စီတပ်စစ်ကြောင်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဖွဲ့ဝင် အယောက် ၂၀ လောက်သေပြီး ၁၀ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး အနီးအနားရွာခံတွေရဲ့ ပြောကြားချက်နဲ့ မြေပြင်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မျက်မြင်အရ အတည်ပြုနိုင်တယ်လို့လည်း သူကပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း မြေတင်ကား ၂ စီးနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချောဆွဲခေါ်လာတဲ့ ကားသမား အမျိုးသား ၂ ယောက် သေဆုံးခဲ့ပြီး ၁ ယောက်ကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၀ ကျော်အရွယ်ရှိကြတဲ့ အဲဒီအမျိုးသား ၃ ယောက်ဟာ စက်တော်ရာ၊ ပလ၊ ကြဲ ကျေးရွာတို့ကဖြစ်ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့က စွန့်ပစ်ထားခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တပ်ဖွဲ့ဝင်တယောက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်စရာတော့မရှိပါဘူး။
တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး၊ ကျည်ဆံတချို့နဲ့ ဖုန်း၊ ပိုက်ဆံအနည်းငယ်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး အကျအဆုံးတွေလည်း ရှိပါတယ်။