ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမနားမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲက လက်လုပ်ဗုံးတလုံးကို စစ်ကောင်စီတပ်က ဖောက်ခွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မဟာဗန္ဓုလလမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်က ဟိန္ဒူဘုရားကျောင်းနားမှာ ဒီကနေ့ နေ့လယ်က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယမ်းကပ်ဖောက်ခွဲခဲ့တာလို့မြို့ခံတယောက်က ပြောပါတယ်။
“စစ်တပ်က ကားတွေနဲ့ရောက်လာတာ။ မဟာဗန္ဓုလလမ်းကို ပိတ်တယ်။ ပန်းဆိုးတန်း လမ်းဆုံမှာ တာယာကွင်းတွေခံပြီးဖောက်ခွဲတာ BE တပ်က" လို့ ပြောပါတယ်။
လက်လုပ်မိုင်းကို ဖောက်ခွဲပြီး ဆူးလေနဲ့ မြို့တော်ခန်းမတဝိုက်မှာ BE တပ်က ဗုံးတွေ ထပ်ရှာဖွေခဲ့တယ်လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
“သူတို့ကားလမ်းပိတ်ပြီး ခွဲပေမဲ့ ကျန်တဲ့ရဲတွေ စစ်သားတွေက ကားတွေနဲ့လူတွေ စစ်သေးတာ။ ဗုံးခွဲပြီး ခဏကြာမှ လမ်းဖွင့်ပေးလိုက်တာ" လို့ ရှင်းပြပါတယ်။
မနေ့ ညနေပိုင်းကလည်း လှိုင်မြို့နယ် ၉ ရပ်ကွက် အင်းစိန်လမ်းနဲ့ ကန်လမ်းထောင့်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေ့ရှိပြီး BE တပ်က ဖောက်ခွဲခဲ့သေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စက်တင်တာဘာလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၄၅ ကြိမ်ဖြစ်ပြီး အငြိမ်းစား ဗိုလ်မှူးချုပ် ၁ ယောက်အပါအဝင် ၁၆ ယောက် သေဆုံး၊ ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။