Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် စားသောက်ကုန် သယ်ယူခွင့်မရသဖြင့် အငတ်ဘေးကြုံရနိုင်ဟု ဒေသခံများပြော
DVB
·
October 3, 2022

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်အုပ်စုရှိ ကျေးရွာပေါင်း ၄၀ ကျော်ကို စစ်ကောင်စီက စက်တင်ဘာ ၂၉ ရက်နေ့ကစပြီး ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ထားသလို ဆန်နဲ့ အခြေခံစားသောက်ကုန်တွေကိုလည်း အကန့်အသတ်နဲ့သာ သယ်ယူခွင့်ပြုတော့တဲ့အတွက် ဒါးလက်အုပ်စုက ပြည်သူတွေ အငတ်ဘေးနဲ့ကြုံလာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ ဒါးလက်အုပ်စုမှာ ကျေးရွာပေါင်း ၄၀ ကျော်နဲ့ လူဦးရေ ၁ သောင်းကျော်လောက်ရှိကာ လက်ရှိ စစ်ကောင်စီက ရေလမ်းက ဆန်နဲ့ စားနပ်ရိက္ခာအချို့ကို သယ်ယူခွင့်ပိတ်ထားပြီး ကုန်းလမ်းက ကားနဲ့သယ်ယူခွင့်ပြုရာမှာလည်း တနေ့ကို ဆန် ၁၀ တောင်းခန့်သာ သယ်ယူခွင့်ပြုနေတာကြောင့် ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာနေပြီး အငတ်ဘေးကြုံတွေ့လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဒါးလက်အုပ်စုမှာဆို ရွာပေါင်း ၄၀ ကျော်ရှိတယ်၊ လူဦးရေက ၁ သောင်းကျော်ရှိပါတယ်။ ကျနော်တို့ ဒါးလက်အုပ်စုက ဆန်စပါးတွေဟာ ဒေသခံတွေအတွက် ဖူလုံအောင်မထွက်ဘူး၊ ကားနဲ့ဆိုရင် အမ်းတို့ ကဇူးကိုင်းတို့က ဆန်တွေကို ဝယ်ယူရတယ်။ ရေကြောင်းကဆိုရင်လည်း မြေပုံတို့၊ ကမ်းထောင်းကြီးတို့ကနေ ဝယ်ယူနေရတာ။ အဲဒါကို စစ်ကောင်စီတပ်က ​ပြီးခဲ့တဲ့ ၂၉ ရက်နေ့ကစပြီးတော့ ရေလမ်းက ဆန်နဲ့ စားသောက်ကုန်တွေကို သယ်ယူခွင့်မပေးတော့ဘူး၊ ပြီးရင် ကုန်းလမ်းက ကားနဲ့သယ်မယ်ဆိုရင်လည်း တနေ့ကို ၂ တောင်းအိတ်၊ ၅ အိတ်ပဲ လိုင်းကားနဲ့ တင်ခွင့်ပေးတော့တယ်။ ဒီလိုသာပိတ်ထားမယ်ဆိုရင် ကျနော်တို့ ဒေသခံတွေအကုန်လုံး အငတ်ဘေးကြုံလာမယ်” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီက ဒါးလက်အုပ်စုကို ဆန်နဲ့ စားနပ်ရိက္ခာသယ်ယူခွင့်ကန့်သတ်တာနဲ့ ကုန်းလမ်း၊ ရေလမ်းကို ပိတ်ဆို့စစ်ဆေးနေပြီး ဒေသခံတွေရဲ့ စားနပ်ရိက္ခာဖြတ်တောက်တာ၊ သွားလာခွင့်တွေ ပိတ်ပင်တားဆီးမှုတွေ လုပ်ဆောင်နေတာဟာ လူအခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ အမ်းမြို့နယ်က လူ့အခွင့်အရေးလှုပ်ရှားသူတဦးက ပြောပါတယ်။

အမ်းမြို့နယ် ဒါးလက်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစတင်ပြီး စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂ နှစ်ကျော်အချိန်ကလည်း စစ်ကောင်စီတပ်ဟာ ဒါးလက်အုပ်စုကို ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ကာ စားနပ်ရိက္ခာဖြတ်တောက်မှုတွေကို လုပ်ဆောင်ခဲ့တာကြောင့် ဆန်နဲ့ စားနပ်ရိက္ခာအချို့ ပြတ်လပ်ကာ ဒေသခံတွေ ဆန်မရှိတဲ့အတွက် ထမင်းအစား ဟင်းသီးဟင်းရွက်တွေကို ပြုတ်ကာ စားသောက်ခဲ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024