မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် မန္တလေး-ကျောက်ဆည်လမ်း စဉ့်ကိုင် ပေါ်တော်မူဘုရားအနီးမှာ အောက်တိုဘာလ ၃ ရက် နေ့လယ် ၂ နာရီ မိနစ် ၅၀ လောက်ပက ဘဏ်ကို မီတာခသွားသွင်းတဲ့ လျှပ်စစ်မန်နေဂျာ လိုက်ပါလာတဲ့ကား ပစ်ခတ်တိုက်ခတ်ခံခဲ့ရပါတယ်။
ပလိပ် လျှပ်စစ်ရုံးကနေ ဘဏ်ကို မီတာခသွားသွင်းတဲ့ ကားပေါ်မှာ လျှပ်စစ်မန်နေဂျာ၊ ပလိပ်စခန်းမှူးနဲ့ စစ်ကောင်စီတပ်သား ၃ ယောက် လိုက်ပါလာခဲ့ကြပြီး မဟာမိတ်တွေဖြစ်တဲ့ MN PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့၊ Truth Keeping Force - Amarapura၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြည်သူလူထုအား မီတာမဆောင်ပါက မီတာဘောက်တွေ ဖြုတ်မယ်လို့ ခြိမ်းခြောက်ပြီး အတင်းအကျပ် ကောက်ခံထားသော ပြည်သူချွေးနှဲစာဖြစ်တာကြောင့် စစ်ကောင်စီ အသုံးစရိတ် မဖြစ်စေရေး တိုက်ခိုက်ခဲ့တာလို့ MN PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့က ဆိုပါတယ်။
ပစ်ခတ်မှုမှာ ၃ မိနစ်လောက်ရှိကာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ရှေ့ခေါင်းခန်းမှလိုက်ပါလာတဲ့ ပလိပ်စခန်းမှူး သေဆုံးကာ ကားပေါ်ပါ တခြားလူတွေလည်း ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။
အခြေအနေအရ အမြန်ပြန်ဆုတ်ခဲ့ရတဲ့အတွက် မီတာခငွေတွေနဲ့ လက်နက်အား မသိမ်းဆည်းနိုင်ခဲ့ဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အားလုံး အန္တရာယ်ကင်းလုံခြုံရာကို ရောက်ရှိသွားပြီလို့ MN PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပလိပ်မြို့မှာ စစ်ကောင်စီတပ်သား အင်အားအလုံးအရင်းနဲ့ စစ်ဆေးနေပြီး အပြစ်မဲ့ပြည်သူတချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။