စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို အောက်တိုဘာ ၂ ရက်နေ့ မနေ့က ထပ်မံ တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။
ရဲစခန်းကို ခိုင်ခိုင်မာမာဆောက်ထားတာ၊ မိုးသည်းသည်းထန်ထန် ရွာလာတာတို့ကြောင့် စခန်းကိုတော့ မသိမ်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်သေဆုံး၊ ၅ ယောက် ဒဏ်ရာရတယ်လို့ Scorpions People Defence Force ထုတ်ပြန်ထားပါတယ်။
မနက် ၂ နာရီလောက်မှာ မဟာမိတ်ပူးပေါင်းအဖွဲ့က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ (မြေလတ် PDF -တောင်သာ၊ Seven People Defense Force၊ Scorpions People Defense Force)၊ စစ်ကိုင်းတိုင်းတပ်ရင်း ၁ စတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ညောင်ဖြူပင်ရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲ ၂ ယောက် ပစ်ခတ်ခံရပြီး သြဂုတ် ၂၁ ရက်နေ့ကလည်း ညောင်ဖြူပင်ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စခန်းမှူးသေဆုံးခဲ့ပါသေးတယ်။