မကွေးတိုင်း ထီးလင်းမြို့နယ်မှာ အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၂၊ ၄၊ ၁၀) PDF-ထီးလင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ PDF-ထီးလင်းဆီကနေ သိရပါတယ်။
“ထီးလင်းမြို့ကနေ ထွက်လာတဲ့ စစ်(…)အင်အား ၃၀ လောက်ကို မနေ့က မနက် ၁၁ နာရီကျော်လောက်မှာ ကျနော်တို့ဘက်က ဝါးရင်းချိုင့်ရွာလမ်းခွဲမှာ ဒရုန်းနဲ့ ကင်းထောက်တဲ့အခါ အဲဒီဒရုန်းကို စစ်(...)တွေဘက်က ပစ်ခတ်လို့ ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ PDF-ထီးလင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူလင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီကနေတဆင့် စစ်သားတွေဟာ ကျားခဲရွာဘက်ကို ထွက်လာတဲ့အချိန် PDF တွေ ထောင်ထားတဲ့ မိုင်ကွင်းထဲမှာ မိုင်းနင်းမိပြီး ၆ ယောက် အပြင်းထန်ဒဏ်ရာရလို့ စစ်သား ၄ ယောက်ကို ကျောပိုး၊ ၂ ယောက်ကို ထမ်းစင်နဲ့ သယ်သွားတာ မြင်လိုက်ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ PDF ဘက်က အထိအခိုက် အကျဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ရဲဘော်တယောက်ကတော့ ပြေးလွှားဆုတ်ခွာရင်း icon လက်ကိုင်စကားပြောစက်တလုံး ပြုတ်ကျကျန်ခဲ့တယ်လို့ ဗိုလ်သူလင်းကျော်က ပြောပါတယ်။
တိုက်ပွဲဧရိယာနဲ့ နီးစပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း PDF-ထီးလင်းက လုံခြုံရေးယူပေးပြီး ဘေးလွတ်ရာ နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။