Home
ဆောင်းပါး
ကြာအေး ကြင်စိုး (သရော်စာ)
DVB
·
October 3, 2022

နွေဦးလေကြမ်း မြို့တွေပေါ်မှာ ရမ်းကားခဲ့ချိန် အသိုက်အမြုံမှလွင့်စင်ထွက်ခဲ့သည့်လူ တွေထဲမှာ လူပျိုသိုးဖေကြီးလည်းပါ၏။

လေနှင်ရာ လွင့်ပါလာရင်း ဟိုအပင်မှာခဏနား သည်ခြုံလေးမှာခဏခို ဆိုသလိုဖြင့် ခုချိန်အထိတော့ ကိုယ့်အသိုက်အမြုံရှိရာကို ပြန်လည်ဦးတည်ပျံသန်းဖို့ အခြေအနေ မပေးသေး။ သို့ဖြင့်လက်ရှိ ခိုနားခွင့်ရရှိနေရာ နေရာကလေးမှာ ပြန်လည်ပျံသန်းဖို့အရေး အမွေးအတောင်တွေကို ပြန်လည်ပြုစုပျိုးထောင်ကာ အားသစ်အင်သစ်တွေကိုဂရုတစိုက် မွေးနေချိန်ဟု ဆိုရပါလိမ့်မည်။

လေပြင်းမုန်တိုင်းအရှိန်ဖြင့် လွင့်စင်ထွက်ခဲ့ပြီး ဟိုရောက် သည်ရောက် တောရောက်တောင်ရောက်ဖြင့် မထင်မှတ်သည့်နေရာများကို ဖြတ်သန်းခဲ့ရ၏။ ခေတ္တခဏ နားခိုခွင့်ရခဲ့သည့် နေရာလေးတွေမှာ ကူညီဆောင်မမည့်သူများနှင့် ဆုံဆည်းခွင့်ရခဲ့သည်ကတော့ ကံ တရား၏ မျက်နှာသာပေးမှုပါပေ။

ဆုံတွေ့ခင်မင်ခွင့်ရခဲ့သည့်သူများအားလုံးနှင့် အဆင်ပြေပြေနေနိုင်ခဲ့သည်မှာလည်း ကောင်းလေစွပါတကား။ နီသူကလည်းခင်၏၊ စိမ်းသူကလည်း ခင်၏။ ဝါသူကလည်း ခင်၏။ ပြာသူကလည်း ခင်၏။ ကံအကျိုးပေးမဆိုးဟု ဆိုရပေမည်။

လက်ရှိ အနေကြာခဲ့ရာ သည်ရွာကလေးမှာကား အတော်များများနှင့် ဆွေမျိုးရင်းချာတွေကို ဖြစ်လို့နေပေပြီ။ ' စိမ်းသရဖူ စိမ်း ' တောင်ကျောင်းကိုယ်တော်နှင့်လည်း ခင်နေပြီဖြစ်၏။ ' ရဲရဲတောက်အနီ' မြောက်ကျောင်းဆရာတော်နှင့်လည်း ရင်းနေပြီဖြစ်၏။

အရင်းဆုံးများကား စာသမားများဖြစ်သည့် အဘစောမူးသာတို့ အဘထွန်းခင်တို့ အဘ ရစ်ချတ်တို့ အဘစစ်ပြန်ကြီးလုံးတုံးတို့တွေဖြစ်ပါလေ၏။ သူတို့နှင့်ကား အမြဲမပြတ်ဆိုသလို ဆုံတွေ့နေကျ စကားဝိုင်းနေကျဖြစ်ရာ သူတို့၏ ရေနွေးကြမ်းဝိုင်းများမှနေ၍  ဗဟုသုတမှတ်စရာတွေအပြင် စိတ်လက် ပေါ့ပါးဖွယ် ဟားစရာတွေပါ ရရှိပါလေ၏။

ဒီလို ခေတ်ဆိုး ခေတ်ကြပ် ခေတ်ပျက်ကြီး ထဲမှာ ဒီလောက်စိတ်မချမ်းမြေ့စရာ စိတ် ပျက်စရာတွေ ပြည့်လျှံနေတဲ့ကာလကြီးမှာသည်ဘိုးတော်တွေနှင့် ဆုံတွေ့ခွင့်ရရှိခဲ့တာ ကံကောင်းမှုတစ်ခုပါပေ။ သူတို့နှင့် ဆုံလိုက်တိုင်း ဆုံလိုက်တိုင်း ပိတ်လှောင် မွန်းကြပ်နေရမှုတွေ ခေတ္တခဏဖြစ်ဖြစ်  လျှော့ပါးသွားတာကတော့ အမှန်ဖြစ်ပါ၏။

ဒီနေ့ အဘစောမူးသာတို့အိမ်ရောက်တော့ သူတို့ငယ်ပေါင်း အဘဦးသိမ်းမောင်ကိုပါ တွေ့ရပါတယ်။ သူကလည်း စိမ်းသရဖူစိမ်းပဲဆိုတော့ သူတို့က "စိမ်းမောင်"လို့သာ ခေါ်ကြပါလေ၏။ သူတို့စကားဝိုင်းမှာ တဝါး ဝါး တဟားဟားပါ ခင်ဗျ။

"ဘယ်လိုလဲစိမ်းမောင် မင်းတို့အဘ ကြင်စိုး သာ၀ မအလ၊ နိုင်ငံတော်သစ်ကြီး တည်ဆောက်နေတာ ဘယ်လိုအခြေအနေ ရောက်နေပြီလဲ . . . ဟဲဟဲ ဟဲဟဲ ဟဲဟဲ။"

" အဲ . . . အင်း . . . သူလည်း သူလုပ်နိုင်သလောက် ကြိုးစားလုပ်ကိုင်ပေးနေတာပဲ။"

" ဘာတွေများ လုပ်ပေးနေတာရှိလဲဟ။" 

" မင်းတို့တွေ ' မြဝတီ ' ကြည့်ကွ . . . သူဟာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအကျိုးအတွက် အတော့်ကို ရုန်းကန်ကြိုးစားနေတာ တွေ့ရလိမ့်မယ်။"

" ဝါး . . .  ဟားဟား ဟားဟား ဟားဟား "

အဘစိမ်းမောင်စကားကိုအကြား ကျန်အဘများ ထပြီးရယ်ချလိုက်တာ အုန်းအုန်းကိုထလို့ပါခင်ဗျ။ တဟားဟားရယ်သံတွေဟာ တော်တော်နဲ့ကို အပြီးမသတ်ပါဘူး။ မအလ လုပ်သမျှ ပေါက်တတ်ကရလို့ ဟားတဲ့သူတွေနဲ့ ကြင်စိုးလုပ်သမျှ ကောင်းသဗျလို့ မျက်ကန်း တစ္ဆေမကြောက် စွတ်စက်ထောက်ခံမြဲလူနဲ့ကတော့ ဒီလိုပါပဲ ခင်ဗျား။

"မူးသာတို့ လုံးတုံးတို့ ရစ်ချတ်တို့ . . . နင်တို့က TV ကလာတဲ့သတင်းမှ မကြည့်တာ။"

"အဲ . . . ဟဲဟဲဟဲ . . . ဆိုပါအုံးဟ၊ ကြင်စိုးက နိုင်ငံ့အကျိုးအတွက် ဘယ်လိုတွေများ စွမ်းဆောင်တော်မူနေတာပါလိမ့်။"

အဘစိမ်းမောင်က မျက်စောင်းကြီး ထိုးကာ ထိုးကာဖြင့် ဘယ်ကစပြောရမလဲဆိုတာကို ရှာဖွေကာ စကားလုံးစီနေသလိုပါ ခင်ဗျ။ ပြီးမှ သည်လိုစပြောပါ၏။

"မြန်မာနိုင်ငံကောင်းစားဖို့အတွက် ရုရှားနိုင်ငံတော်ကြီးကို စွန့်စွန့်စားစားသွားပြီး ရုရှားသမ္မတကြီး ပုတင်နဲ့ ဆွေးနွေးခဲ့တာ ကွ . . .။"

" ဟားဟား ဟားဟား ဟားဟား . . . .  ' ပုတင် ' မဟုတ်ပါဘူး၊ ' ပူတင် ' ပါဟ" " ဟားဟား ဟားဟား ဟားဟား . . . . "

"အေး . . . ပူတင်ကလည်း မြန်မာနိုင်ငံအတွက် အစစအရာရာ ကူညီမယ်လို့ ကတိပြု ပြောကြားခဲ့တယ်တဲ့ကွ။"

" ဟုတ်လားဟ . . . "

" ဘာဖြစ်လို့လဲ လုံးတုံးရ "

"ဘာဖြစ်ရမတုန်းဟ . . . ပူတင်က ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲလို့ သူ့ကို ကမ္ဘာ ကလည်းလက်မခံ သူ့နိုင်ငံသားတွေကလည်း ကန့်ကွက်နဲ့ ရေရေလည်လည်ကို အကြပ်ရိုက်ပြီး ရူးမလိုလို ဖြစ်နေတဲ့ဟာကို။ "

အဘရစ်ချတ်အပြောကို အဘစိမ်းမောင်က မျက်မှောင်ကျုတ်ကာကြည့်ပြီး ပြန်လည်ချေပပါလေ၏။

"အေး . . . သူ့ဟာနဲ့သူ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတော့ 'ကူညီမယ် ' လို့ ကတိပြုလိုက်တာကွ . . . ပူတင်က။"

" ဟေ . . . အဲသလိုလားဟ။ "

" အေး . . . ဟုတ်တယ်ကွ . . . အရင်ဦးဆုံးအနေနဲ့ ငါတို့နိုင်ငံက စက်သုံးဆီပြတ်လပ်နေမှုကို ကူညီဖို့ ရုရှားကနေ စက်သုံး ဆီတွေကို သင်္ဘောကြီးတွေနဲ့ လာပို့မတဲ့။"

" ဟေ . . . အဟုတ်ပါပဲလားဟ . . . " " အဲဒါပြောတာပေါ့ကွ သူငယ်ချင်းတို့ရ။"

အဘဦးစိမ်းမောင်ကား မျက်နှာကြောတွေလျော့ကာ ကျေနပ်သွားသယောင်ပါခင်ဗျ။ အဘစောမူးသာတို့ အဘလုံးတုံးတို့ အဘရစ်ချတ်တို့ကား ပြုံးစိပြုံးစိဖြင့် ဖေကြီးကို လှမ်းကြည့်ကြပါလေ၏။ ခဏနေတော့ အဘစောမူးသာက အဘစိမ်းမောင်ကို မေးပါလေ၏။

"ဒါနဲ့ နေပါအုံး စိမ်းမောင်ရ . . . ရုရှားက ဆီတွေ မြန်မာပြည်ကိုပို့မယ်ဆိုတော့ လမ်းခရီးက အဝေးကြီးပတ်ရမှာဟ၊ သယ်ယူစရိတ်တွေနဲ့ ထပ်ဆောင်းပြီး ဆီဈေးတွေ ပိုပြီး မကြီးနိုင်ဘူးလား။"

" အဲ . . . အဲ . . . အဲဒါတော့ သူတို့ ကြည့်ကြက်ပြီး အဆင်ပြေအောင် ဈေးသက်သာအောင် လုပ်ပေးကြမှာပေါ့ကွာ ။"

အဘစောမူးသာ၏မျက်နှာမှာ အတွေးရရင် ပြုံးသည့် သူပြုံးနေကျအပြုံးကို ရုတ်တရက်  မြင်ရပါလေ၏။ ဘယ်လိုများပါလဲ။

" အေးကွာ . . . သီတဂူဆရာတော်ကြီး ပြောသလိုပဲ ' ရုရှားနိုင်ငံတော်ကြီး အေးချမ်းပါစေ . . ' ဘာညာ မေတ္တာပို့သရတော့မှာပဲ။"

" အေးကွ . . . ဆုတောင်းမေတ္တာ ပို့ပေးရမှာ ပေါ့ကွာ . . . ကိုယ့်ကျေးဇူးရှင်နိုင်ငံကြီးကို။"

အဘစောမူးသာ ထပ်၍ထပ်ကာ ပြုံးလာပါလေ၏ ခင်ဗျာ။ ပြီးတော့ နှုတ်တပြင်ပြင် အသွင်ကို မြင်ရပါလေ၏။ တစ်ခုခုတော့ ' သော ' တော့မည် ထင်ရ၏။

" အေးဟ စိမ်းမောင်ရ . . . လိုင်းပေါ်က ဇာတ်လမ်းလေးလိုမျိုးဖြစ်နေမှာပဲ စိုးရိမ် ရသကွ။"

" ဘယ်လိုဟာလဲ မူးသာရ "

"ဒီလိုကွ မင်းတို့ပူတင်ရဲ့ရုရှားက ဆီတင်သင်္ဘောကြီးဧရာမ ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်လာသတဲ့။"

" အေး . . . "

"ရောက်ရောက်ချင်းပဲ မြန်မာပြည်က တာဝန်ရှိသူတွေက သင်္ဘောပေါ်တက်ပြီး ကပ္ပတိန်နဲ့တွေ့တာပေါ့။ "

" အင်း . . . "

" ကပ္ပတိန်က ' ခင်ဗျားတို့ကို ဆီတန်ချိန်သုံးသောင်းလာပို့တာ ' ဆိုတော့ ဒီကလူကြီးက ' ဟုတ်ကဲ့ . . . အဲဒါ လာသယ်တာပါ ' ပေါ့ "

" အေး . . . "

"ကပ္ပတိန်က ပြောတယ် 'အခုလောလော ဆယ်တော့ ကျွန်ုပ်သင်္ဘော ဆီတိုင်ကီကြီးထဲကို မြန်မာပြည်ကဆီတန်ချိန်သုံးသောင်းပြန်ပြီး အပြည့်ဖြည့်ပေးပါ ' တဲ့ "

" ဘာဖြစ်လို့လဲဟ . . . "

"သူက ရုရှားကနေ မြန်မာပြည်ကို မောင်းလာတာ သင်္ဘောထဲကဆီမလောက်လို့ ဗမာပြည်အတွက်တင်လာတဲ့ ဆီတန်ချိန်သုံးသောင်းကိုပါထည့်ပြီးမောင်းလာခဲ့တာ။ ဒီလည်း ရောက်ရော ကုန်ရောတဲ့။ ဒါကြောင့် ဒီကိုပို့ပေးမယ့် နောက်ထပ် ဆီတန်ချိန်သုံးသောင်းကို ရုရှားပြန်ပြီးတင်ဖို့ လောလောဆယ် ဆီတန်ချိန်သုံးသောင်း အပြည့် ပြန်ဖြည့်ပေးပါတဲ့ကွ . . . "

" အဲသည်တော့ . . . "

" အဲသည်တော့ သူတို့ ရုရှားပြန်မယ်၊ ဆီတန်ချိန်သုံးသောင်း ပြန်သယ်လာမယ်။ ပြီးရင် မြန်မာပြည်ကို ပြန်မောင်းလာခဲ့မယ်။ ရန်ကုန်ဆိပ်ကမ်းရောက်လို့ ဆီတန်ချိန်သုံး သောင်းကုန်သွားပြန်ပြီဆိုရင် မြန်မာပြည်ကဆီတန်ချိန်သုံးသောင်းထည့်ပြီး ရုရှားကို ပြန်မောင်းမယ်။ . . . ဟိုပြန်ရောက်ရင် ဆီ တန်ချိန်သုံးသောင်းဖြည့်ပြီး မြန်မာပြည်ကို ပြန်သယ်မောင်းလာမယ် . .  "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကား ပါးစပ်မှ ပွစိပွစိဆဲကာ ကြမ်းပြင်ကို ဇောင့်ဇောင့် ဇောင့်ဇောင့်နှင့် ခပ်ကြမ်းကြမ်းနင်းပြီးသကာလ ပြန်ချသွားပါလေပြီတကား။     ။

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024